Monday, September 28, 2009

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်(၁)

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်။

မြန်မာမွတ်စလင်မ်တို့ရဲ. ဘဝမှန် သမိုင်းမှန် အခြေအနေမှန်များကို လေ့လာနေတဲ့ မြန်မာ မွတ်စလင်မ်တို့ကို စာရေးသူ ( ဦးကျော်ဖေ သန်လျင်)(ယခု အလ်ဟာဂ်ျ ဆရာဦးကျော်ဖေ-သန်လျင်) လွန်ခဲ့တဲ့ ၁၉၆၀ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလ ထုတ် ကမ္ဘာအလင်းမဂ္ဂဇင်းမှာ နှစ်လဆက်ပြီး ဖော်ပြခဲ့တဲ့ “ဗမာမွတ်စလင်မ် တို့၏ တည်တန့်ခိုင်မြဲရေး” ခေါင်းစဉ်ပါ ဆောင်းပါးကို ယခု (၂၀၀၉)ခုနှစ်မှာ မိတ်ဆွေ တစ်ယောက်က “ Internet Website – www.mmsy.org မှာ တင်ပြခဲ့ပြီး ဆက်လက်သုံးသပ်ချက်ကို ရေးသားပေးဘို့ မေတ္တာရပ်ခံလာတဲ့ အတွက် ဒီသုံးသပ်ချက် စာစဉ်ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဒီသုံးသပ်ချက်ကို ရေးသားနေချိန်မှာ စာရေးသူဟာ အသက် ၇၄နှစ် တင်းတင်းပြည့်ဖို့ ရက်ပိုင်းဘဲ လိုတော့တဲ့ အချိန်ပါ။ (မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို.မှာ ခေတ္တရောက်နေချိန်ပါ။) မူလဆောင်းပါးကို ရေးခဲ့ချိန်မှာ စာရေးသူဟာ အသက် ၂၅နှစ်ကျော်ဘဲရှိချိန်ပါ။ စာရေးသူဟာ ငယ်စဉ်ကထဲက အမျိုးသားရေး၊ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေ စိတ်ဝင်စားခဲ့လို့ အဲဒီဆောင်းပါးရေးနိုင်ခဲ့တာပါ၊ မြန်မာမွတ်စလင်မ်တို့၏ အခြေအနေ ပြောင်းလဲတိုးတက်လာပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဘို့ပါ၊ (မွတ်စလင်မ်တွေဟာ ကမ္ဘာမှာ လှုပ်ရှားသွားလာပြီး မျက်မှောက်ဘဝမှာ စိတ်၏ သာယာမှုကို ဖန်တီးနေတာတွေဟာ အလ္လာဟ်အရှင် ဖြစ်စေလိုတဲ့ အရာတွေ မဟုတ်ပါ၊ မွတ်စလင်မ်တွေဟာ ဤမျက်မှောက်လူ့ဘဝမှာလည်း အကောင်းဆုံးသူတွေ ဖြစ်ပြီး (အာခေရသ်) မွေးမြူဖန်ဆင်းတော်မူတဲ့ အလ္လာဟ်အရှင်မြတ်ရဲ.ထံတော်မှာ အကောင်းဆုံး သူတွေဖြစ်ရဘို့ပါ။ မွတ်စလင်မ်တွေဟာ (မေနရာ)မျှော်စင်ပေါ်က “အောင်မြင်ရာဘက်သို့ လာကြပါကုန်” ဟုဘိတ်ခေါ်သကဲ့သို့ အောင်မြင်ရာ အကောင်းဆုံးလုပ်ငန်းတွေ လုပ်ကြရမယ့် သူတွေပါ။
အထက်ပါအချက်တွေဟာ သုံးသပ်ချက်နိဒါန်းပါ၊ (စာရေးသူရဲ. ရေးသားပုံ နှစ်ငါးဆယ်မှာ ပြောင်းလဲ လာတာတွေ့ကြလိမ့်မယ် ထင်ပါတယ်၊ မြန်မာ စာတတ်တွေကို စကားပြော ပုံစံ ရေးသားတင်ပြတာ ပိုလို့ထိရောက်မယ်ထင်လို့ပါ၊) ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ခေါင်းစဉ် ၄ ခုကို တစ်ခုချင်း အကုန် သုံးသပ်မှာပါ၊ စဉ်းစားတွေးခေါ်ကြည့်ကြပါကုန်။

No comments: