Friday, March 27, 2009

ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း ဘုန်းတော်ကြီးများနှင့်အတူ မွတ်စလင်မ်တစ်ဦး

ဒီနေ့တော့ PTA အဖွဲ့အနေဖြင့် နောက်ဆုံးသိရှိရတဲ့ နအဖ အာဏာရူး စစ်ဘီလူးတွေကြံစည်နေတဲ့ ဘာသာရေးအဓိကရုဏ် ဖန်တီးမှုသတင်းတွေကိုပဲ ထပ်မံပေးပို့လိုက်ပါတယ်။ အခုအခါတွင် အာဏာရူးငမိုက်သားတွေဟာ အစ္စလာမ်ဘာသာကို စော်ကားတဲ့ Email များကို ပေးပို့ခြင်းဖြင့် ၄င်းတို့ရဲ့ လုပ်ရပ်တွေကို မအောင်မမြင်ဖြစ်နေကြပါပြီ။ ဘာကြောင့်လဲဆိုတော့ သူတို့တွေဟာ ဟိုးအရင်က မြန်မာပြည်မှာ မမှတ်သားနိုင်လောက်အောင်ကို ဘာသာရေးနှိပ်ကွပ်မှုတွေ ပြုလုပ်ခဲ့ကြတယ်။ တောင်ပေါ်မြေပြန့် တမျိုးစီ ဖန်တီးခဲ့တာပါ။

တောင်ပေါ်မှာဆိုရင် ခရစ်ယာန်တွေကို အတင်းအဓမ္မ ဘာသာပြောင်းခိုင်းတယ်။ ဘုရားကျောင်းတွေကို မီးရှို့ဖျက်ဆီးတယ်။ သံဃာအယောင်ဆောင်တဲ့ စစ်သားရိုင်းတွေဟာ ခါးမှာသေနတ်ချိတ်ပြီး ငြိမ်းချမ်းတဲ့ ဗုဒ္ဓရဲ့ လမ်းစဉ်ကို အကြမ်းဖက်တဲ့ပုံစံနဲ့ စည်းရုံးခဲ့ကြတယ်။ မြေပြန့်မှာဆိုရင်လည်း မွတ်စလင်မ်တွေကို နည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတာ အထူးပြောစရာမလိုလောက်အောင်ကို အားလုံးမြင်နေရတဲ့အတိုင်းပါပဲ။ ပေါ်လွင်တာတွေကိုကြည့်မယ်ဆိုရင်တော့ 1997 မှာ စစ်သားတွေ မန္တလေးက မဟာမြတ်မုနိရုပ်ပွားတော်ရဲ့ ဋ္ဌာပနာတော်တွေကို ဘုရားဖူးချင်ယောင်ဆောင်ပြီး ဖောက်ခိုးကြတာကို သံဃာတွေမြင်တွေ့သွားပြီး လူစုများလာတော့ ဗလီတွေကိုဖျက်ဖို့ ညတွင်းချင်းပဲ နန်းတွင်းထဲမှာ ကြံဖွတ်ခွေး(ထိုအချိန်က စွမ်းအားခွေးတွေမပေါ်သေးပါ)100လောက်ကို ကတုံးရိတ်၊ သင်္ကန်းတုတွေဝတ်ပေးပြီး ထောင်သား အယောက်200ကျော်နဲ့ ပူးပေါင်းပြီး ဒေသအသီးသီးကိုလွတ်၍ ဗလီတွေကို ဖျက်ဆီးခိုင်းတဲ့ပုံစံနဲ့ အာရုံပြောင်းခဲ့တယ်။ အဲဒီတုန်းကတော့ သံဃာတွေအများစုဟာ ဒီပုဂ္ဂိုလ်တွေရဲ့ ကောက်ကျစ်ယုတ်မာမှုတွေကို အစအဆုံး မသိခဲ့ကြလို့ သူတို့ဆင်တဲ့ လှည့်ကွက်တွေထဲ တချို့ကိုယ်တော်တွေ ၀င်ပါခဲ့မိကြပါတယ်။ 2007 စက်တင်ဘာရွှေဝါရောင်အရေးတော်ပုံပေါ်ပေါက်လာခဲ့တဲ့အခါမှာတော့ သူတို့ရဲ့ သရုပ်မှန်ကို မြန်မာတွေတင်မကဘူး၊ ကမ္ဘာကပါ သိခဲ့ကြပြီလေ။ သံဃာကို ရိုက်တယ်။ ဗုဒ္ဓရဲ့ သန့်ရှင်းတဲ့ အရေတော် သင်္ကန်းကိုလည်း သူတို့စစ်ဖိနပ်အောက်မှာ ထားပြီး စော်ကားခဲ့တဲ့အခါမှာတော့ သံဃာထုကြီးတစ်ခုလုံးကစပြီး ပြည်သူပြည်သားတွေပါမကျန် သူတို့ကို ရွံ့မုန်းခဲ့ပါပြီ။ ထိုအဖြစ်အပျက်တွေကို ပြန်ကြည့်မိတိုင်း၊ အဲဒီမြင်ကွင်းတွေကို မြင်ရတဲ့အခါတိုင်းမှာ ဘာသာစုံပုဂ္ဂိုလ်တွေဟာ မျက်ရည်တွေ ရစ်ဝဲနေမိကြပါတယ်။ အဲဒီလို သံဃာနဲ့ ဘာသာကို စော်ကားမိတဲ့ပြစ်မှုကြောင့် အာဏာရှင်တွေရဲ့လုပ်ရပ်မှန်သမျှကို သံဃာထုက ရွံ့မုန်းခဲ့ပေလို့ အခုတစ်ခါ အဓိကရုဏ်းဖန်တီးမှုကြီးကတော့ သူတို့အတွက် အလွန်ကို ခက်ခဲနေရတာပါ။ အဲဒီတုန်းကလည်း အများမြင်ရတဲ့အတိုင်းပဲ သံဃာတွေဦးဆောင်တဲ့ မွန်မြတ်လှတဲ့ တော်လှန်ရေးကြီးကို သူတို့ရဲ့လက်ပါးစေ ခွေးများကိုစု၊ လူနည်းနေတော့ စိတ်မကောင်းဖြစ်နေကျတဲ့ပြည်သူတွေကို အတင်းခေါ်ပြီး သံဃာဆန့်ကျင်ရေးတွေ လုပ်ခဲ့ကြပါတယ်။

သူတို့ဟာ ဟိုးအရင်ကလည်း (ဒီပဲရင်းလုပ်ကြံမှု) မဖြစ်ပေါ်ခင် လပိုင်းအတွင်းကပဲ ထိုင်းနိုင်ငံနဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ ချတ်စ်ကျောင်းတွေ၊ ဗလီတွေ၊ ဘုံကျောင်းတွေ၊ ဟိန္ဒူရှိခိုးကျောင်းတွေမှာ သူတို့ရဲ့အမိန့်နဲ့ ၀တ်ပြုဆုတောင်းပွဲတွေ လုပ်ခိုင်းခဲ့ကြပါတယ်။ အိမ်တွေမှာလည်း နိုင်ငံတော်အလံကို မစိုက်မနေရဆိုပြီး အတင်းအကြပ်ပဲ လွှင့်ထူခဲ့တာတွေမှစပြီး ကလေးတွေရဲ့ ကျောင်းစာသင်ရိုးညွှန်းတမ်းအဖြစ်နဲ့ပါ ထိုင်းမကောင်းကြောင်းတွေကို လပိုင်းအတွင်း ရေးသားထုတ်ဝေပြီး သင်ကြားစေခဲ့တာပါ။ နေရာတိုင်းမှာလည်း ထိုင်းမကောင်းကြောင်းတွေကို မိန်းမဆန်ဆန် ပုတ်ခတ်ထားတဲ့အကြောင်းတွေကို စည်းရုံးပြောဆိုခဲ့ကြတယ်။ အဲဒီတုန်းကတော့ မြန်မာပြည်မှာ အစော်ကားခံရတဲ့ ထိုင်းလူမျိုးတွေမရှိခဲ့ကြလို့ ကြီးကြီးမားမား ပြဿနာတွေ မပေါ်ပေါက်ခဲ့ကြပါဘူး။

အခုဆိုရင်လည်း သူတို့ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ အဆင်မပြေဖြစ်ကြပြန်လို့ အဲဒီနိုင်ငံကို ဆန့်ကျင်နိုင်ဖို့အတွက် သူတို့ရဲ့လုပ်ရိုးလုပ်စဉ်အတိုင်း တစ်ခုဆိုရင် ပြည်သူတွေကို အတင်းသူတို့ရဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေ(ဟစ်တလာလိုမုန်တိုင်းတပ်ဖွဲ့မျိုး)ဖြစ်တဲ့ အနုနည်းနဲ့ချေမုန်းမဲ့ကြံဖွတ်နှင့် အကြမ်းနည်း(လူမိုက်နည်း)ဖြင့် ချေမုန်းပေးမဲ့ စွမ်းအားရှင် ဆိုသည်အဖွဲ့တွေနဲ့ ပူးပေါင်းပြီး ကမ္ဘာကို အင်အားပြဖို့ ကြိုးစားနေကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက အစ္စလာမ်ဘာသာကို အများစု ကိုးကွယ်တဲ့နိုင်ငံဖြစ်တာမို့ အစ္စလာမ်ဘာသာဝင်တွေကို စော်ကားတဲ့အရေးအသားတွေကို သူတို့ရဲ့ လက်ဝေခံ တွေအား ရေးခိုင်းပြီး ပြန့်နှံ့မှုအလွန်လျှင်မြန်တဲ့ အွန်လိုင်းနည်းစနစ်တွေနဲ့ ဖြန့်ဝေနေကြတာ အားလုံးသိမှာပါ။

သတင်းကြားသိထားချက်များအရဆိုလျှင် သူတို့ရဲ့ကောက်ကျစ်မှုတွေကို ကမ္ဘာကို လိမ်လည်ဖို့ ပြုလုပ်ထားတဲ့ blog တွေမှာ နေ့စဉ် မွတ်စလင်မ်(ကုလား)တွေမကောင်းကြောင်း post ကို အနိမ့်ဆုံး တစ်နေ့တစ်ခု မတင်မနေရအဖြစ်နဲ့ ရေးတင်ခိုင်းနေတယ်လို့ သတင်းကြားရပါတယ်။ သူတို့တွေကို အများစုပါလာနိုင်အောင်ဆိုပြီးတော့ တခြား blog တွေရဲ့ Cbox တွေထဲမှာလည်း လိုက်ရေးခိုင်းထားတာဖြစ်ပါတယ်။ သူတို့ကတော့ တောသားနှစ်ယောက်ဟု အမည်ခံထားသူများဖြစ်ကြတဲ့ "ဇော်မျိုး" ဆိုသူနဲ့ "ပြေဇော်" ဆိုသူတို့ပဲဖြစ်ပါတယ်။ သူတို့တွေဟာ ယခင်ရွှေဝါရောင်တော်လှန်ရေးမှစတင်ပြီး ယခုအချိန်အထိ အတိုက်အခံတွေရဲ့ website တွေ၊ blog တွေမှာ ၀င်ရောက်ပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုကြတဲ့သူတွေဖြစ်ပါတယ်။ ယခုအခါမှသာ ဘာသာရေးလုပ်သယောင်နဲ့ ဗုဒ္ဓဘာသာ အတွက် ရေးထားသလို၊ အမျိုးသားရေးအတွက်ပဲ ရေးထားသလို ပုံစံမျိုးတွေနဲ့ အသွင်ဆန်းဆန်းလေး ဖန်တီးရေးသားလာကြပြန်ပါတယ်။ (၄င်းတို့သည် အမည်အမျိုးမျိုးနဲ့ ၀င်ရောက်ပြီး စီဘောက်မှာ စာတွေ ရေးတတ်ကြပါတယ်။)

(အခုဆိုရင်လည်း ၄င်းတို့အုပ်စုသည် နအဖ၏ ပုံစံဖြင့် ဖန်တီးမှုမအောင်မြင်သောကြောင့် အများပြည်သူကြိုက်စေမည့်၊ ယုံလွယ်နိုင်သောနည်းလမ်းများဖြင့် နအဖ မကောင်းကြောင်းလေးများ တစ်လုံးနှစ်လုံး သုံးပြပြီး နအဖကိုပဲ မုန်းသယောင်နဲ့ သူတို့ဟာ နအဖရဲ့ လူမဟုတ်ဘူးဆိုသော အသွင်ပြောင်း၍ လှုပ်ရှားလာပြန်ပါတယ်။ "ဒီပုံစံမျိုးကို ချစ်နိုင်စိတ်ပညာ ဟူသော နအဖအကြံပေးကြီးမှလည်း ဗဟိုဝန်ထမ်းတက္ကသိုလ် ဖောင်ကြီးတွင် သူပို့ချရသည့် ဘာသာရပ်များ၌လည်း ကျောင်းသားများ စိတ်ဝင်စားလာစေရန် သုံးနှုံးလေ့ရှိသည်။ ဤသည်မှာ စိတ်ပိုင်းဆိုင်ရာနည်းဖြင့် ဆွဲဆောင်ပြီး လိုရာကို ဆက်ပြောသွားသည်"ဟု ၀န်ထမ်းတစ်ဦးက ပြောပြပါသည်။)

၎င်းတို့ ရေးသားချက်များအား တစ်ဖက်မှ အစ္စလာမ်ဘာသာဝင်များအနေဖြင့် ယခုအချိန်အထိ သီးခံနေကြတာကို အားလုံးအသိပင်ဖြစ်ပါတယ်။ (ယခင်ဖန်တီးမှုများတွင်လည်း တစ်ဖက်မှ ပြန်လည်တုန့်ပြန်လာအောင် အမျိုးမျိုး ရန်စကြပါတယ်။ တစ်ဖက်မှ မခံနိုင်တော့သည် အခါတွင် ကြီးမားသော အဓိကရုဏ်းကြီးများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါတယ်။) ယခုအခါတွင်လည်း ၄င်းတို့ဟာ အသွင်တမျိုးပြောင်းပြီး ပြည်တွင်းက မွတ်စလင်မ်တွေကို ပြန်ပြီး တုန့်ပြန်လာအောင် နည်းအမျိုးမျိုးဖြင့် ရန်စရေးသားလာကြပါတယ်။ " ဟေ့ကုလားတွေ . . . . မင်းတို့ မွတ်ဆလင်အကြောင်းကို လေ့လာထားပြီး အချက်အလက်ခိုင်ခိုင်မာမာရှိတဲ့ ကိစ္စကိုပြောလို့ မင်းတို့ ဆတ်ဆတ်ထိမခံနိုင်ဖြစ်နေတာ။ ………………………………………………………………………………………………………… ငါတို့ မွတ်ဆလင်ဘာသာကို လေ့လာပြီး မင်းတို့ကို ကောင်းကောင်း ထုနှက်သလို မင်းတို့လဲ ဗုဒ္ဓဘာသာကို လေ့လာပါ။ လေ့လာပြီး ဗုဒ္ဓဘာသာရဲ့ မှားယွင်းချက်ကို ဝေဖန်တဲ့အဆင့်တင် မကဘူးနော် . . . ပယ်ပယ်နယ်နယ်စော်ကားစမ်းပါ။ အဲလောက်အထိကို စိန်ခေါ်ထားတယ်။ ဒီမှာနောက်ထပ် ဆောင်းပါးတစ်ပုဒ် တင်ပေးထားတယ်နော်။" ဒါကတော့ သူတို့ရေးသားချက်များအနက်မှ နောက်ဆုံးတစ်ခုကို ဖော်ပြပေးလိုက်တာပါ။

ထို့ကြောင့် အားလုံးကို သတိပေးချင်တာက သူတို့ပြောသမျှကို ပြန်လည်ပြီး မည်သည့် ဘာသာဘက်ကမှ ပြန်လည် ပုတ်ခတ်ရေးသားခြင်းတွေ (လုံးဝ) မပြုလုပ်ကြပါနဲ့။ သူတို့ရေးသားပေးပို့ခြင်းတွေအပေါ် တုန့်ပြန်မိပါက ထိုတုန့်ပြန်သောစာများအား ယခင်က အီးမေးလ်တွေ ပို့သကဲ့သို့ ပြန်လည်ပေးပို့ပြီး ရန်တိုက်မယ့် ဗျူဟာတွေပါ။ အားလုံးသတိထားကြပါ။ သူတို့ပြောသမျှကို မေတ္တာနဲ့သာ တုန့်ပြန်ကြပါ။ သူတို့ကို ခွေးတွေလို့သဘောထားပြီး သူတို့ဟောင်နေတာကို ထမကြည့်ကြဖို့ မေတ္တာရပ်ခံတာပါ။ ခွေးဟောင်းတာကို ထကြည့်မိပါက အိပ်ရေးပျက်သကဲ့သို့ သူတို့ ဆွနေသည်ကို ပြန်တုန့်ပြန်ပါက ပြဿနာတွေ ကြီးမားလာပါမယ်။ ဗုဒ္ဓဘာသာဝင်တွေကလည်း မိမိတို့ရဲ့ မိတ်ဆွေသူငယ်ချင်းတွေကို ဒီအကြောင်းတွေ နားလည်အောင် ရှင်းပြပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်။

ဘင်္ဂလားဒေ့ရှ်နှင့် ရိုဟင်ဂျာကိစ္စများအား ခုတုံးလုပ်ကာ (၂၀၁၀) ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် နိုင်ငံရေးအာရုံလွှဲရန်အတွက် မွတ်ဆလင်များနှင့် အစ္စလာမ်ဘာသာအား စော်ကားပုတ်ခတ်သည့် အကြောင်းများ ရေးသားထားသော အီးမေးလ်များ ပြန့် နေပါသည်။
ထို့ အတူ အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုများ တက်ကြွစွာ ဆောင်ရွက်နေကြသော ရခိုင်တိုင်းရင်းသားများနှင့် ရိုဟင်ဂျာများအကြား လူမျိုးရေး အဓိကရုဏ်းဖြစ်ရန် နအဖမှ ဖန်တီးဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။
နအဖဟာ ဘင်္ဂလားဒေ့ရှ်ကိစ္စနဲ့  ရိုဟင်ဂျာကိစ္စကို မြန်မာနိုင်ငံရဲ့  တိုင်းပြည်ရေးရာကိစ္စအနေနဲ့  တရားဝင် မှန်ကန်စွာ မဖြေရှင်းရဲဘဲ သူရဲဘောကြောင်ပြီး ဝေ့လည်ကြောင်ပတ်လုပ်နေရာကနေ အခု နအဖအကျိုးစီးပွားအတွက် ခုတုံးလုပ်အသုံးချဖို့  ယခင်အာဏာရှင်တို့  လုပ်နေကြ နည်းယုတ်မာများအတိုင်း ဘာသာရေးနဲ့  လူမျိုးရေးအဓိကရုဏ်လုပ်ပြီး မြန်မာပြည်နိုင်ငံရေးကို အာရုံလွှဲဖို့ လုပ်နေတာမို့  မြန်မာပြည်သူများအနေနဲ့  အထူးသတိထားကြဖို့  ကြိုတင် သတိပေးလိုပါသည်။

ဒီဘာသာရေးအဓိကရုဏ်းသာဖြစ်ခဲ့မယ်ဆိုရင်တော့ သူတို့တွေရဲ့ သံဃာနဲ့ သာသနာကို စော်ကားမှုတွေအပေါ် အခဲမကျေ မမေ့ပျောက်နိုင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကို အားလုံးမေ့ပျောက်ကုန်မှာပါ။ "နွားကွဲရင် ကျားဆွဲမယ်" ဆိုတဲ့ ဆိုရိုးအတိုင်း စည်းလုံးကြပါ။ ငြိမ်းချမ်းကြပါ။ သူတို့ရဲ့ သက်တမ်း အဓွန့်တိုနေပါပြီ။


စက်တင်ဘာ ရွှေဝါရောင်တုန်းကဆိုလျှင် ဘုန်းကြီးတွေကို လိုက်သတ်တဲ့ စစ်သားရန်က ကင်းဝေးစေဖို့ မွတ်စလင်မ်တွေက သူတို့အိမ်တွေထဲမှာ လုံခြုံအောင်ကာကွယ်ပေးထားတယ်။ စစ်သားရိုက်လို့ ကွဲပြဲသွားတဲ့ ဒဏ်ရာတွေကို မွတ်စလင်မ်တွေက ဆေးထည့်ပေးခဲ့ကြတယ်။ မွတ်စလင်မ်တွေကပဲ တတ်နိုင်သမျှ ရဲရဲဝံ့ဝံ့နဲ့ ဆွမ်း၊ ကွမ်း၊ ရေချမ်းတွေ ဆပ်ကပ်ခဲ့ကြတယ်။ ဒါတွေဟာ အတုန့်အလှည့် မေတ္တာတရားတွေကြောင့် ဖြစ်ပေါ်လာတဲ့ သံယောဇဉ်တွေပါ။

တို့မြန်မာတွေဟာ ကမ္ဘာ့အလယ်မှာ မျက်နှာငယ်နဲ့နေကြရပါတယ်။ သိက္ခာမရှိတဲ့လူမျိုးအဖြစ်နဲ့ ကဲ့ရဲ့ကြတာပါ။ တစ်ချို့နိုင်ငံတွေ(သြစတေးလျ၊ စင်္ကာပူ၊ အင်္ဂလန်၊ ဂျပန်)အစရှိတဲ့ နိုင်ငံတွေမှာဆိုရင် အလုပ်ခေါ်တဲ့နေရာမှာ "မြန်မာနိုင်ငံသားမဖြစ်စေရ" တို့ " မြန်မာတွေမလျှောက်ရ" တို့ "မြန်မာဆိုလျှင် လက်မခံ" တို့လို စာသားတွေကို အလုပ်လျှောက်လွှာတွေမှာ ထည့်ရေးလာကြတယ်။ ဒါဟာဘာကြောင့်လဲဆိုတော့ အုပ်ချုပ်သူတွေရဲ့ မကောင်းမှုကြောင့် ဖြစ်ကြရတာပါ။ ဒါကြောင့် အောက်တန်းကျတဲ့လုပ်ရပ်တွေဖြစ်တဲ့ ဘာသာရေးတွေကို စော်ကားခြင်းမျိုးတွေမှာ မြန်မာပြည်ကို တကယ်ပဲ ချစ်တယ်၊ မြန်မာပြည်သားဖြစ်ရတာ ဂုဏ်ယူချင်တယ်ဆိုရင် မပါဝင်မိကြစေဖို့ တိုက်တွန်းလိုက်ပါတယ်။

ဘာသာစုံညီညွတ်ချစ်ခင်ရေးကို ရှေးရှုသော
PTA (Peace to all)