Sunday, October 11, 2009

ယူအိုင်အေ မြန်မာမွတ်စ်လင်မ် မိသားစု တွေ့ဆုံဆွေးနွေးပွဲ (၁)



မပြတ်မစဲသနားကြင်နာတော်မူသော၊ အနန္တဂရုတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏

မလေးရှားနိုင်ငံရှိ International Islamic University Malaysia (IIUM) တွင် တက်ရောက်ပညာသင်ကြား နေကြသော မြန်မာမွတ်စလင်မ်မိသားစုဝင် များ၏ တွေ့ဆုံပွဲအခမ်းအနား(IIUM Family Gathering) ကို ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ( တနင်္ဂနွေ )၌ နေ့လည် ၂:၀၀ မှ ညနေ ၅း၀၀ အထိကျင်းပခဲ့ပါသည်။ အမျိုးသား ( ၁၉) နှင့် အမျိုးသမီး ( ၁၀) တက်ရောက်ခဲ့ကြပါတယ်။

ထိုတွေ့ဆုံပွဲ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် Brother Usman Ghani မှဆောင်ရွက်ခဲ့ကာ အခမ်းအနားကို အစီအစဉ် ( ၁၂)ရပ် ဖြင့်ကျင်းပခဲ့ပါသည်။ အခမ်းအနားအစီအစဉ် (၁)အရ အခမ်းအနားမှူးမှ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း၊ အခမ်းအနား အစီအစဉ်(၂)အရ အခမ်းအနားကို Brother Akthir မှ ကိရာအသ်ဖတ်ကာဖွင့်လှစ်ခြင်း၊ အခမ်းအနားအစီအစဉ် (၃) အရ IIUM ၏ကျောင်းသားတစ်ဦးဖြစ်သူ Brother Yunus မှ ကျောင်းသူကျောင်းသားများ မှတ်သားနာယူနိုင်ရန်၊ တစ်ယောက်နှင့်တစ်ယောက် ညီရင်းအစ်ကိုမောင်ရင်းနှမသဖွယ် ရိုင်းပင်းကူညီတတ်စေရန်၊ စစ်မှန်သော အီမာန်ရှင်ဖြစ်စေရန် ရည်ရွယ်ကာ “ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်” ဟူသောခေါင်းစဉ်ဖြင့် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ် အထောက်အထားများကို ကိုးကားပြီး ဆွေးနွေးတင်ပြသွားပါတယ်။ ထို့နောက်တွင်မူအခမ်းအနားအစီအစဉ် (၄)အရ Brother Salman မှ ဟူသောခေါင်းစဉ်ကို ဆွေးနွေးတင်ပြကာ အခမ်းအနားအစီအစဉ် (၅)အရ Multimedia အစီအစဉ်ကိုထည့်သွင်းခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် (၇)အရ Brother Bashir မှ အာဇန်ဖြစ်ပေါ်လာပုံ၊ အာဇန်၏အရေးကြီးပုံ နှင့် အာဇန်နှင့်ပက်သက်သော သိမှတ်ဖွယ်ရာတို့ကို ဆွေးနွေးတင်ပြသွားပါတယ်။ တဖန် အခမ်းအနားအစီအစဉ်(၈)အရ မြန်မာကျောင်းသားများ၏ လှုပ်ရှားမှုများကို Projector ဖြင့်ပြသခဲ့ကာ အခမ်းအနားအစီအစဉ် (၉) အနေနဲ့ Brother Marmon Rashid မှ အမိန့်နာခံသူ အစ္စလာမ်တစ်ယောက်အနေဖြင့် နာခံခြင်း၏ သဘောတရားများ၊ အရေးကြီးပုံများကို သိရှိနားလည်စေရန်အတွက် ဆွေးနွေးတင်ပြခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် (၁၀)အနေဖြင့် CFS မှကျောင်းသားကျောင်းသူများ၏ ရမသွာန်လ၀ါဖြေပွဲ(Iftar)များအကြောင်း၊ သူတို့၏လှုပ်ရှားမှုများအကြောင်း ကို CFS မှကျောင်းသူတစ်ဦးဖြစ်သူ Sister Salmah မှစိတ်ဝင်စားဖွယ် တင်ပြသွားပါတယ်။ အခမ်းအနားအစီအစဉ်(၁၁)အရ လက်ရှိကျောင်းတွင် Master လုပ်နေသူတစ်ဦးလဲဖြစ်၊ စာသင်နေသောဆရာတစ်ဦးလဲဖြစ်သူ ဆရာအက်ဘရ်ရှား က အမာနသ်နှင့်ပက်သက်သည့် မှတ်သားဖွယ်ရာများ၊ မိဘများနှင့်ခွဲပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ ပညာဆည်းပူးနေကြသည့် ကျောင်းသားကျောင်းသူများ အနေုဖြင့် ပညာရေးနှင့် ပက်သက်သည့် မှတ်သားဖွယ်ရာများ၊ ကိုယ့်ကိုကိုယ် စောင့်ရှောက်တတ်စေရန် လိုက်နာရမည့်အချက်များ အပြင် အစ္စလာမ်တွင် သစ္စာတရား၏ အရေးကြီးပုံများကိုလည်း မှတ်သားနာယူဖွယ် ဆွေးနွေးတင်ပြသွားပါတယ်။

ထို့နောက်တွင်တော့ နောက်ဆက်လုပ်မည့် တွေ့ဆုံပွဲ၊ ဗဟုသုတနှီးနှောဖလှယ်ပွဲ များနှင့် ပက်သက်သည်များအကြောင်း ဆွေးနွေးခဲ့ကာ အခမ်းအနား အစီအစဉ် (၁၂) အရအခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက်တွင်မူ နောက်ဆက်တွဲ အစီအစဉ်များအနေဖြင့် တက်ရောက်လာသူများအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြပြီးနောက် လက်ဖက်ရည်နှင့် မုန့်တို့ဖြင့်တည်ခင်းခဲ့ကာ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

အစီအစဉ်များအား မှတ်တမ်းတင်သူ ရှရီဖဟ်(I.I.U.M)

Monday, September 28, 2009

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်(၄)

၎။ အာရဗီတက္ကသိုလ်။
“ဗမာမွတ်စလင်မ်တို့ အနာဂတ်တွင် စံတင်လောက်သည့် ခေတ်ပညာနှင့် ဘာသာရေးပညာ တွဲဖက်၍ ဒီဂရီဘွဲ့ပေးနိုင်သည့် အာရဗီတက္ကသိုလ်ကို ယနေ့ ဗမာမွတ်စလင်မ် ခေါင်းဆောင်များ ဖန်တီးပေးက အနာဂတ်ကာလတွင် အမည်ခံ မွတ်စလင်ပါ ကျန်ရစ်တော့မည်မဟုတ်ပါ။” စာပိုဒ်က လွန်ခဲ့သော နှစ်ငါးဆယ်က ဖော်ထုတ်ရေးသားခဲ့တာပါ၊ အဲဒီအချိန်က အဆင့်မြင့်ပြီး တက္ကသိုလ် သာ တည်ထောင်ခဲ့ပါက ယနေ့ မျိုးဆက်နှစ်ဆက် သုံးဆက်ခန့် ပညာရရှိလောက်ပြီ ဖြစ်ပါတယ်။ ဒါပင်မဲ့ ဖြစ်လာခဲ့သလားဆိုတာ လေ့လာဆန်းစစ်ကြည့်ပါ။ အာလင်ပညာရှင်လို့ခေါ်တဲ့ မော်လဝီ ကျောင်းတွေ အများကြီးပါ၊ ၁၉၆၀ခုနှစ်က ထင်ရှားတဲ့ကျောင်းတွေထဲမှ ရန်ကုန်တာမွေက ဒါရွလ်အူလွန်အာရဗီကျောင်း နဲ့ ရွှေဘိုကန့်ဘလူက အရဗီကျောင်းအပြင် ကျောင်းတွေအများကြီး ရှိခဲ့ပါတယ်။ မော်လဝီဆိုတဲ့ အာလင်မ်ပညာရှင်ဘွဲ့ (စနဒ်) ယူပြီးခဲ့တဲ့ မော်လဝီတွေ မနည်းပါ။ အဲဒီမော်လဝီတွေဟာ ဗမာမွတ်စလင်မ်အကျိုးကို ဘယ်ရွေ.ဘယ်မျှ စွမ်းဆောင်နိုင်ခဲ့သလဲ ဆန်းစစ်ကြည့်က သိနိုင်ပါတယ်၊ တကယ်တန်း မြန်မာနိုင်ငံသားတွေလိုတဲ့ ပညာရှင် ဆိုတာ ဘယ်လိုဟာမျိုးလဲ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂)ခုလောက်ကစပြီး မြန်မာနိုင်ငံမှာ ခေတ်ပညာနဲ့ ဥပဒေ၊ သိပံ္ပ၊ စီးပွားရေး၊ အင်ဂျင်နီယာ၊ ဆေးပညာ စတဲ့ဘွဲ့ရတွေ အများကြီးဖြစ်လာတာ ရှိပါတယ်။ သူတို့တွေဟာ မြန်မာမွတ်စလင်မ်များရဲ. အသိပညာကြွယ်ဝရေး၊ အစ္စလာမ်ကို သိပ္ပံနည်းကျ နားလည်ရေးအတွက် တစ်ဆင့်ပို့ချပေးဖို့ ကိုယ်တိုင် အာရဗီစာပေကို နားလည်အောင်သင်ယူတယ်။ ကုရ်အာန်ကို နားလည် အောင်သင်ယူတယ်။ သူတို့ ဆည်းပူး သင်ယူခဲ့တာတွေ တဆင့်ပို့ချဖြန့်ဖြူးဘို့ ကြိုးစားကြတယ်။ (အဲဒီ ပုဂ္ဂိုလ်တွေထဲမှ ဟဒီးစ်ကို လက်မခံတဲ့ အုပ်စုမပါပါ၊ အဟ့်လေစွန္နတ် ဂျမာအတ်ဝင် ကုရ်အာန်နဲ့ ဟဒီးစ် ပညာရပ်တွေ လက်ခံသူတွေကိုသာ ဆိုလိုပါတယ်)။
အချို. အီဂျစ်နိုင်ငံ အလ်ဟာဇရ်တက္ကသိုလ်၊ ဆော်ဒီနိုင်ငံရှိ တက္ကသိုလ်နှင့် ပါကစ္စတန်၊ အိန္ဒိယ စတဲ့ နိုင်ငံများက တက္ကသိုလ်တွေမှာ ပညာဆည်းပူးလာခဲ့ကြပြီ၊ မြန်မာမွတ်စလင်မ်များ၏ အကျိုးကို သယ်ပိုးလိုပင်မဲ့ ကျောင်းတော်ကြီးဝါဒသမားတွေ၊ ကုရ်အာန် ဟဒီးစ်နဲ့ တမန်တော်၏ဘဝဖြစ်စဉ် ကိုသာ သင်ယူလာပြီး၊ သိပံ္ပံ၊ သမိုင်း၊ ပထဝီ စတဲ့အလ္လာဟ်ဖန်ဆင်းထားတဲ့ (အာလင်မ်) စကြာဝဋ္ဌာ အကြောင်းမသိကြလို့ ခေတ်အမြင် ခေတ်အတွေး မရှိကြလို့ စာအုပ်ကြီးအတိုင်း ကျင့်သုံးကြတဲ့ ပညာရှင်အမည်ခံ ပုဂ္ဂိုလ်တွေရဲ. ထိုးနှက်မှုကြောင့် ရှေ.မတိုးသာ နောက်မဆုတ်သာလို့ ဘေးရောက်ကြရတာတွေလဲ ရှိကြပါတယ်။
ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့က အစ္စလာမ်ကမ္ဘာမှာ ကျော်ကြားခဲ့တဲ့ ပညာရှင်များဟာ (ရှရီအတ်) ကုရ်အာန်နဲ့ ဟဒီးစ်တွေကို ဖွင့်ဆိုကြတဲ့ နေရာမှာ သူမတူအောင် အသိပညာ အမြော်အမြင် ကြီးကြတယ်။ ကမ္ဘာမှာ ယနေ့ အစ္စလာမ်အသိပညာနဲ့ မွတ်စလင်မ်တွေကို ဦးဆောင်လမ်းညွှန် နေတဲ့ ပညာရှင်များဟာ သိပ္ပံနဲ့ တွေးခေါ် မြော်မြင်မှု အပြင် ဦးဆောင်မှုပညာများကိုလဲ ကုရ်အာန် နှင့် တမန်တော်မြတ်ကြီးရဲ. လမ်းညွှန်မှု ဘောင်အတွင်းက အစွန်းမရောက်၊ ဦးဆောင်ပေးနိုင် ကြတာ တွေ့နိုင်တယ်။ အစ္စလာမ်ဟာ ကျင့်သုံးရာမှာ လွယ်ကူပွင့်လင်းပြီး လူသားတွေကို လူသားနဲ့တူအောင် အလ္လာဟ်အရှင်အလိုရှိတော်မူတဲ့ပုံစံမျိုး လူသားအကျိုးပြု လမ်းစဉ်သာ ဖြစ်တယ်။ အခြေခံဝါဒီတွေ၊ အစွန်းရောက်ဝါဒီတွေဟာ အစ္စလာမ်ကို အထင်အမြင် လွဲမှားအောင် လုပ်နေကြသူတွေ ဖြစ်တယ်လို့ ယူဆတယ်။ မြန်မာမွတ်စလင်မ်တွေဟာ ဒီဝါဒီတွေရဲ. ကျော့ကွင်းထဲ မရောက်အောင် အစ္စလာမ်ကို အမြော်အမြင်ကြီးစွာ သိနားလည်အောင် လမ်းညွန် ပေးနိုင်မဲ့ ပညာရှင်တွေ လိုအပ်နေတယ်ဆိုတာတော့ အားလုံးလက်ခံကြမှာပါ။
ယနေ့ကမ္ဘာမှာ သတင်းနည်းပညာခေတ်ရောက်နေပြီ၊ ကမ္ဘာအဝန်း သတင်းအချက်အလက်များက မိနစ်၊ စက္ကန့်ပိုင်းအတွင်း တောကြိုတောင်ကြားတွေအထိ ရောက်နေပေပြီ။ တိုးတက်တဲ့ မွတ်စလင်မ် အသိုင်းအဝိုင်းကလဲ ကတစ်ဆင့် အစ္စလာမ်အသိပညာတွေ ပို့ချပေးနေကြပြီ၊ Internet ကိုအသုံးချပြီး မွတ်စလင်မ်လောကကို ကမောက်ကမဖြစ်အောင် လုပ်သူတွေလဲရှိနေပြီ သတိချပ်ဖို့ပါ။ ဆိုလိုတာက ကျွမ်းကျင်ပညာရှင်မဟုတ်သူက ကုရ်အာန် ဟဒီးစ်များကို မိမိ ပင်ကိုယ်အသိနဲ့ ပြန်ဆိုရေးသားပြီး တင်ပြနေတယ်ဆိုတာ စတင်တွေ့ရှိနေရလို့ သတိပေးရပါတယ်။
မြန်မာမွတ်စလင်မ် ဦးစီးခေါင်းဆောင်များ၊ ပညာရှင်များကို အကြံပြုတိုက်တွန်းလိုတာက မြန်မာမွတ်စလင်မ်များ (အဟ့်လေစွန္နတ်ဂျာမာတ်ဝင်)ကို ကုရ်အာန်ကညွှန်တဲ့ သွန်သင်ထားတဲ့ အစွန်းမရောက် အသိပညာတွေကို ခေတ်နဲ့ ရင်ဘောင်တန်းပြီး သင်ယူဆည်းပူးလေ့လာနိုင်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သင်တန်းတွေ ဖြစ်ပေါ်လာအောင် ကြိုးစားကြပါလို့ အကြံပြုပြပါတယ်။
(ကမ္ဘာလူသားတွေရဲ. ဦးနှောက်က အလွန်ဖွံ့ဖြိုးတိုးတက်လာပြီဆိုတာလဲ သတိချပ် သင့်ပါတယ်) ယုတ္တိမတန်တာတွေ၊ အစွန်းရောက်ပညာနဲ့ စကားရပ်တွေ၊ လောကီရေး အရေးမပါဘူး လေကုတ္တရာရေးသာ အရေးကြီးတယ်ဆိုတဲ့ အပြောတွေဟာ ခေတ်မရှိတော့ပါဘူး။
နောက်ဆုံးအဆုံးသတ်လိုတာက မွတ်စလင်မ်ရာနှုန်းပြည့် နေ့စဉ်တောင်းဆိုနေတဲ့ “အို-မွေးမြူ ဖန်ဆင်းတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့ကို ဒွန္နယာ-လောကီ ကောင်းကျိုးနဲ့ နောင်ဘဝ-အာခေရတ် ကောင်းကျိုးချမ်းသာကို ပေးသနားတော်မူပါ၊ အပယ်ငရဲ (ဂျဟနမ်)မှ ဖယ်ရှားပေးတော်မူပါ”ကို တောင်းဆိုမှု အတိုင်း လူသားတိုင်းဟာ လူသားကောင်းကျိုးလုပ်မှ လောက အကျိုးကို ခံစားရမယ်၊ လောကမှာ အကောင်း လုပ်ခဲ့ရင် အာခေရတ်လဲ မုချကောင်းမှာပါ၊ စဉ်းစားပါစို့ဟု တင်ပြသုံးသပ်ရင်း နိဂုံးချုပ်ပါတယ်။

အလ်ဟာဂ်ျ ဦးကျော်ဖေ

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်(၃)

၃။ ဗမာမွတ်စလင်မ်များရဲ.အသံ။
ဗမာမွတ်စလင်မ်တို့ရဲ.အသံ-သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများနဲ့ ပတ်သက်ပြီး စာရေးသူရဲ. ဆောင်းပါးမှာ တင်ပြချက်ကို ဖော်ပြရရင် အဲဒီအချိန်က ကမ္ဘာအလင်းမဂ္ဂဇင်း၊ အစ္စလာမ် သာသနာရေးရာကောင်စီက ထုတ်ဝေတဲ့ အစ္စလာမ်စာစောင်၊ ဗမာမွတ်စလင်မ်အဖွဲ့ချုပ်က ထုတ်ဝေခဲ့တဲ့ ဗမာမွတ်စလင်မ်စာစောင် (ဒီဆောင်းပါးကို ဗမာမွတ်စလင်မ် စာစောင်မှာလဲ ဖော်ပြခဲ့ပါသေးတယ်)၊ မန္တလေးယဉ်ကျေးမှုတိုက်ထုတ် အစ္စလာမ်ယဉ်ကျေးမှုစာစောင် ထွက် နေပါတယ်။
အဲဒီ မဂ္ဂဇင်း စာစောင်တွေဟာ ဆယ်စုနှစ် တစ်ခုမခံခဲ့ပါ၊ ကမ္ဘာ့အလင်း မဂ္ဂဇင်းဟာ (၈)နှစ် ၁၉၅၂ မှ ၁၉၆၀ ခုနှစ်ထိ (၉၆)စောင်ထွက်ပြီး ရပ်သွားတယ်။ အစ္စလာမ်စာစောင်ဟာ အမှတ်စဉ် (၈၀)ကျော်မှာ ရပ်သွားတယ်။ ယဉ်ကျေးမှုစာစောင်လဲ ၂နှစ်ခန့်မှာရပ်သွားတယ်။ အဲဒီနောက် အစ္စလာမ်အလင်း၊ အစ္စလာမ်မျက်ဝန်းနဲ့ အခြားပုံမှန်မဟုတ်တဲ့ စာစောင်တွေလဲ အမြောက်အမြား ထွက်ခဲ့ကြတာ နှစ်ငါးဆယ်အတွင်း မရေတွက်နိုင်ပါ။ အူရဒူက မြန်မာပြန်၊ အင်္ဂလိပ်က မြန်မာပြန် စသဖြင့် ထုတ်ဝေခဲ့ကြတယ်။ အဲဒီထဲမှ အစ္စလာမ်ရဲ. အနှစ်သာရများ အပြင် တရီကာနဲ့ ပတ်သက်ပြီးလဲ ထုတ်ဝေခဲ့ကြတယ်။ အဲဒီစာအုပ်စာတမ်းတွေကို လေ့လာကြည့်ရင် မြန်မာစာပေ စစ်စစ်နဲ့ မြန်မာစာတတ် မွတ်စလင်မ်များနဲ့ အခြားဘာသာဝင်များ သိနားလည်စွမ်းမရှိတဲ့ အာရဘီ အူရဒူအသုံးအနှုန်းများ သုံးနှုန်းထားတာတွေလဲ တွေ့ရတယ်။ စာရေးသူ ဘာသာပြန်သူများဟာ မြန်မာစာပေကို မကျွှမ်းကျင်တဲ့အတွက် ရေးသားမှုတွေဟာ အဆင့်နိမ့်နေတာလဲ တွေ့ရှိရတယ်။ အဲဒါတွေဟာ ဓမ္မဓိဌာန်ကျကျ ဖော်ပြတာပါ။ ဒါပင်မဲ့ စာအရေးအသားချောမွေ့ပြီး ဖတ်လို့ စိတ်ဝင်စားတဲ့ စာအုပ်တွေလဲ ရှိပါတယ်။
ယနေ့ကမ္ဘာမှာ ကျမ်းမြတ်ကုရ်အာန်က ကမ္ဘာကို မျက်စိဖွင့်ပေးခဲ့တဲ့ တွေးခေါ်မှု၊ တီထွင်မှု၊ ဆန်းသစ်မှုတွေကို တိုးတက်ပြောင်းလဲနေတဲ့ လူ့အသိုင်းအဝန်း၊ မြန်မာမွတ်စလင်မ် အသိုင်းအဝန်းမှာ သိပ္ပံနည်းကျ တင်ပြ ပညာပေးချိန်ရောက်နေတယ်။ မြန်မာမွတ်စလင်မ်များ စာမဖတ်ကြပါ၊ ဘဝတိုးတက်မှုကို အစ္စလာမ် အတွေးအခေါ် နဲ့အညီ ဆောင်ရွက်မှု အားနည်း ကြတာပါ။ (ဤဒွန္နယာ နဲ့ အာခေရတ်-နောင်ဘဝမှာ အကောင်းလို၍ နေ့စဉ် ရာနှုန်းပြည့် မွတ်စလင်မ်တွေ ဒိုအာ-ဆုတောင်းနေကြတာပါ။ ဒါပေမဲ့ လက်တွေ့မှာတော့ ဘဝ သာယာရေး အတွက် စိတ်ထင်တိုင်းလုပ်နေကြတာပါ။)
ဒါကြောင့် စာရေးသူ တင်ပြသလို စာတတ် ပေတတ် မြန်မာမွတ်စလင်မ် စာရေးဆရာကြီး သုတေသီ အမည်ခံ ပုဂ္ဂိုလ်များဟာ ကုရ်အာန် နဲ့ တမန်တော်မြတ်ကြီးရဲ. ဘဝကို ဖော်ညွှန်းတဲ့ စာပေတွေ၊ တောင်ဟီးဒ်ပညာပေးတွေ၊ ကုရ်အာန်က လမ်းညွှန်ထားတဲ့ သိပ္ပံဘာသာရပ်များထဲက နက္ခတပညာ၊ ဇီဝ၊ သင်္ချာ၊ ရူပ၊ ဆေးပညာ၊ ဝိဇ္ဇာဘာသာရပ်ထဲက စီးပွားရေး၊ သမိုင်း၊ ယုတ္တိပညာ၊ ဒသာနိကပညာတွေကို ရေးသားတင်ပြကြရန်သင့်တယ်လို့ သုံးသပ်ပါတယ်။

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်(၂)

၁။ တောင်ဟီးဒ်။
တောင်ဟီးဒ်တစ်ပါးတည်းသော မွေးမြူရှင် အလ္လာဟ်အရှင်ကို ခဝတ်ကိုးကွယ်ဘို့ ထိုအရှင်ပေါ်သာ မျှော်ကိုးဘို့ မိမိ၏ဘဝ ကောင်းကျိုး၊ဆိုးကျိုးကို ထိုအရှင်မြတ် အပေါ်သာ ယုံပုံအပ်နှံဘို့နဲ.၊ အလ္လာဟ်အရှင်မြတ်စီစဉ်တော် မူထားတဲ့ လူသားတွေရဲ. လုပ်ရပ်ပေါ် ပြန်လည်သုံးသပ် စစ်ဆေးမေးမြန်း စီရင်မဲ့ ကမ္ဘာတရား စီရင်မဲ့နေ့ (ကေယာမတ်)ကို ကိုယ်နှုတ်နှလုံး ၃ ပါးလုံးနဲ့ ယုံကြည်မျှော်ကြဘို့ -
တမန်တော်ကြီး နူဟ်၊ တမန်တော်ကြီး အစ်ဗရာဟင်မ်၊ တမန်တော်ကြီး မူဆာ၊ တမန်တော်ကြီး အီစာ နဲ့ နောက်ဆုံးပွင့်ပေါ်ခဲ့တော်မူတဲ့ မဟာတမန်တော်မြတ်ကြီး မုဟမ္မဒ် (ချမ်းမြေ.သာယာခြင်း အပေါင်း ကိုယ်တော့်ပေါ် သက်ရောက်ပါစေ)ထိ တမန်တော်ပေါင်း မြောက်မြားစွာဟာ “တောင်ဟီးဒ် တစ်ပါးတည်းသော အလ္လာဟ်အရှင်ကို ဆက်ကိုးကွယ်အားထားဘို့၊ ဖန်ဆင်းခံ လူသားတွေဟာ တရားစီရင်မဲ့နေ့ကို ယုံကြည်ဘို့ နှိုးဆော်ဖိတ်ခေါ်ခဲ့ကြတယ်။ လိုက်နာခဲ့တဲ့ မွတ်စလင်မ်တွေဟာ လောကမျက်မှောက်ဘဝမှာ ကောင်းကျိုး ချမ်းသာကို ခံစားခဲ့ရတဲ့ သမိုင်းအထောက်အထားတွေ အများကြီးပါ၊ အလေးထားလေ့လာကြည့်ပါ၊ ဆန့်ကျင် သွေဖယ် သူတွေဟာ ပျက်ဆီးခြင်းမလှ ပျက်ဆီးဆုံးရှုံးကြတာတွေလဲ သမိုင်းမှာ ဖျောက်ဖျက်မရပါ။
တောင်ဟီးဒ်တစ်ပါးတည်းသော အလ္လာဟ်အရှင်ကို ယုံပုံကိုးစားခဝတ်ကိုးကွယ်ကြခဲ့တဲ့ တမန်တော်မြတ်ကြီး မိုဟမ္မဒ် (ချမ်းမြေ.သာယာခြင်းအပေါင်း ကိုယ်တော့ပေါ်သက်ရောက်ပါစေ)နဲ့ (ဆွဟာဘာ) သာဝကကြီးများနဲ့ နောက်လိုက်များဟာ ကမ္ဘာမှာ လောကကောင်းကျိုးအတွက် ကြိုးပမ်းခဲ့လို့ ကမ္ဘာမှာ မွတ်စလင်မ်ဟာ လျှမ်းလျှမ်းတောက်ဖြစ်ခဲ့တာတွေဟာ သမိုင်းက သက်သေ ခံလျက်ပါ၊ အဲဒီ သာဝကကြီးများဟာ (အာခေရတ်) နောက်ဘဝအတွက်လဲ သောက မရှိကြောင်း အစ္စလာမ်က အာမခံပြီးသားပါ။
တောင်ဟီးဒ်ကို နှလုံးသားထဲ စွဲစွဲမြဲမြဲ ယုံကြည်သူဟာ လောကမှာ အလ္လာဟ်အပြင် ကြောက်စရာ နတ္တိပါ၊ ဒါတွေဟာ စာရေးသူ တွေးခေါ် လေ့လာယုံကြည်ထားတာပါ။ တောင်ဟီးဒ်ရဲ. ကြွေးကြော် ချက်ကို မူလ ဆောင်းပါးမှာ အာရှစာဆို ဒေါက်တာ အစ်က်ဘါလ်ရဲ. ကဗျာနဲ့ ချုပ်ထားတာ တွေ့ရပါလိမ့်မယ်။
“အားလပ်မှုကား မရှိပါ၊ လုပ်ငန်းဆောင်တာများ အများအပြားကျန်ရှိနေပေသေးသည်၊ တောက်ပြောင် သန့်စင်လှသော တစ်ပါးတည်းသော အလ္လာဟ်ရှင် တည်ရှိကြောင်းကို လက်ခံလာစေရန် ကြိုးစားမှုကား လိုနေပါသေးသည်။”
၂။ ဗမာမွတ်စလင်မ်များ၏ အခွင့်အရေးများကို အာမခံချက်ပေးနိုင်အောင် ကြိုးပမ်းမည့်အဖွဲ့အစည်း။
၁၉၆၀ ခုနှစ်က နိုင်ငံမှာ ပါလီမန်ဒီမိုကရေစီအရ ရွေးချယ်ထားသော ပြည်ထောင်စုပါတီအစိုးရ တာဝန်ယူနေချိန် ဖြစ်ပါတယ်။ ထိုစဉ်က မွတ်စလင်မ် အဖွဲ့အစည်းများအဖြစ်နဲ့ (၁) မြန်မာနိုင်ငံလုံးဆိုင်ရာ အူလမာများ အဖွဲ့ချုပ် (မွတ်စလင်မ်သာသနာ့ပညာရှင်များ အဖွဲ့ချုပ်)၊ (၂) ပြည်ထောင်စု မြန်မာနိုင်ငံတော် အစ္စလာမ်သာသနာ့ရေးရာ ကောင်စီ (၁၉၅၄ ဒီဇင်ဘာလမှ စတင်ဖွဲ့စည်း)၊ (၃) မော်လဝီများ အဖွဲ့ချုပ်၊ (၄) ဗမာမွတ်စလင်မ် လူငယ်များ အဖွဲ့ချုပ်၊ (၅) ဗမာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်မ်ကျောင်းသူ/ကျောင်းသားများ အဖွဲ့ချုပ် နဲ့ အခြားအဖွဲ့အစည်း အချို. ရှိခဲ့ကြတယ်။ ဝန်ကြီးဟောင်းဦးခင်မောင်လတ်နဲ့ ဆရာချယ်တို့က အစ္စလာမ်သာသနာရေးရာ ကောင်စီမှ အဓိက တာဝန်များ မယူကြတော့ဘဲ၊ ဗမာမွတ်စလင်မ် ညှိနှိုင်းရေးအဖွဲ့ဆိုပြီး ဖွဲ့စည်းကြတယ်၊ အဲဒီအချိန်က အစိုးရအဖွဲ့မှ ဝန်ကြီးတာဝန်ရထားတဲ့ ဦးရာရှစ်နဲ့ ပါလီမန်အမတ် ဦးထွန်းမြင့်ကျြူတို့က ၎င်းတို့ရဲ. စီးပွားရေး၊ နိုင်ငံရေး ဘက်တော်သားများနဲ့ ဗမာမွတ်စလင်မ် အဖွဲ့ချုပ် ဆိုပြီး ဖွဲ့စည်းကြတယ်။
အဲဒီနောက်မှာ နိုင်ငံတော်က နှစ်စဉ် အစ္စလာမ်သာသနာအတွက ထောက်ပံ့ငွေကို မူလက အစ္စလာမ်သာသနာရေးကောင်စီတစ်ဖွဲ့တည်းသာ ပေးရာမှ ဝန်ကြီးဦးရာရှစ်ရဲ. အစိုးရအပေါ် တင်ပြမှုကြောင့် (၆)ဖွဲ့ဟူ၍ ပေါ်ပေါက်လာပြီး အစိုးရက သာသနာ့ ထောက်ပံ့ကြေးကို ကောင်စီက သုံးသောင်း၊ ဗမာမွတ်စလင်မ် အဖွဲ့ (ဘီအမ်အို)က သုံးသောင်းနဲ့ ကုရ်အာန်ဘာသာပြန်အတွက် ငါးထောင်အသီးသီးခွဲပေးလာတာ ဖြစ်ခဲတယ်။ အသေးစိတ် မတင်ပြလိုပါ။
အဲဒီအဖွဲ့ (၆)ဖွဲ့ဟာ ယနေ့တိုင် နှစ်ငါးဆယ်ကျော် တည်ရှိခဲ့တာ မွတ်စလင်မ်များ အသိဖြစ်ပါတယ်။ ယခု နိုင်ငံတော် အေးချမ်းသာယာရေးအဖွဲ့ အစိုးရလက်ထက်မှာ ဆရာချယ် (ယခု ကွယ်လွန်) ဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် အမျိုးသားရေးအဖွဲ့ဟူ၍ ပေါ်ပေါက် လာပြန်တယ်။
ယခုမြန်မာနိုင်ငံမှာ မှီတင်းနေထိုင်ကြတဲ့ မြန်မာမွတ်စလင်မ်များ မျိုးဆက် (၂) (၃) ဆက်ကျော်လွန်လာခဲ့ပေမဲ့ မွတ်စလင်မ်များရဲ. ပညာရေး၊ လူမှုရေး၊ သာသနာ့ အသိစိတ်ဓါတ် ရင့်ကျက်ရေး၊ ခေတ်ပညာနဲ့ သာသနာ့ပညာ ကို ခေတ်နှင့် အမှီ တိုးတက် တက်မြောက်လာရေးကို မည်မျှစွမ်းဆောင်လာနိုင်ခဲ့ကြသလဲ၊ အမြော်အမြင် ကြီးသူများ လေ့လာသုံးသပ်ဆန်းစစ်က သိရှိလာနိုင်ပါတယ်။ စာရေးသူက ရာနှုန်းအားဖြင့် ငါးဆယ် အောက်ပြည့်မယ်မထင်ပါ၊ အဲဒီ သာသနာရေး အမည်ခံ အဖွဲ့အစည်းတွေမှာ ဦးဆောင်မှုနေရာ ရယူထားတဲ့ ခေါင်းဆောင်ပိုင်းရဲ. ခေတ်ပညာ၊ သာသနာရေးပညာ (အစဉ်တိုးတက်ပြောင်းလဲပြီး ကမ္ဘာ့မွတ်စလင်မ်ထုရဲ. ခေတ်နဲ့ သာသနာ့အသိပညာတိုးတက်မြင့်မားလာချိန်)ဟာ ဘယ်အဆင့်မှာ ရှိကြတယ် ဆိုတာ သုံးသပ် ကြည့်နိုင်ပါတယ်။ စာရေးသူဟာ လေ့လာ တွေးခေါ် ဆန်းစစ်နေသည့်အပေါ် သုံးသပ်ခြင်းပါ၊ စာရေးသူထက် အသိပညာမြင့်မားသူများ အများအပြားပါ။)
ဒါကြောင့် မြန်မာနိုင်ငံမှ အစ္စလာမ်သာသနာရေးရာများကို ဦးဆောင်မှုပေးနေကြတဲ့ ခေါင်းဆောင် များဟာ ပြီးခဲ့တဲ့ အတိတ်သမိုင်း၊ မျက်မှောက်ခေတ်အခြေအနေ နဲ့ နောင်ဖြစ်ပေါ်လာနိုင်မယ့် အခြေအနေများကို လေ့လာသုံးသပ်ကြပြီး မြန်မာမွတ်စလင်မ်များ၏ သာသနာ့အသိပညာ မြင့်မားရင့်ကျက်လာစေမှုတို့အပေါ် သုံးသပ်ကာ မြန်မာမွတ်စလင်များကို မြန်မာနိုင်ငံ ပတ်ဝန်းကျင်နဲ့ မဆန့်ကျင်တဲ့ စည်းရုံးမှု၊ ပညာပေးမှု စသည့်လုပ်ငန်းများကို စီမံကိန်းများ ရေးဆွဲဆောင်ရွက်သင့်ပါကြောင်း တင်ပြလိုပါတယ်။

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်(၁)

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်။

မြန်မာမွတ်စလင်မ်တို့ရဲ. ဘဝမှန် သမိုင်းမှန် အခြေအနေမှန်များကို လေ့လာနေတဲ့ မြန်မာ မွတ်စလင်မ်တို့ကို စာရေးသူ ( ဦးကျော်ဖေ သန်လျင်)(ယခု အလ်ဟာဂ်ျ ဆရာဦးကျော်ဖေ-သန်လျင်) လွန်ခဲ့တဲ့ ၁၉၆၀ခုနှစ် အောက်တိုဘာလနဲ့ နိုဝင်ဘာလ ထုတ် ကမ္ဘာအလင်းမဂ္ဂဇင်းမှာ နှစ်လဆက်ပြီး ဖော်ပြခဲ့တဲ့ “ဗမာမွတ်စလင်မ် တို့၏ တည်တန့်ခိုင်မြဲရေး” ခေါင်းစဉ်ပါ ဆောင်းပါးကို ယခု (၂၀၀၉)ခုနှစ်မှာ မိတ်ဆွေ တစ်ယောက်က “ Internet Website – www.mmsy.org မှာ တင်ပြခဲ့ပြီး ဆက်လက်သုံးသပ်ချက်ကို ရေးသားပေးဘို့ မေတ္တာရပ်ခံလာတဲ့ အတွက် ဒီသုံးသပ်ချက် စာစဉ်ကို တင်ပြလိုက်ခြင်းဖြစ်ပါတယ်။
ဒီသုံးသပ်ချက်ကို ရေးသားနေချိန်မှာ စာရေးသူဟာ အသက် ၇၄နှစ် တင်းတင်းပြည့်ဖို့ ရက်ပိုင်းဘဲ လိုတော့တဲ့ အချိန်ပါ။ (မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို.မှာ ခေတ္တရောက်နေချိန်ပါ။) မူလဆောင်းပါးကို ရေးခဲ့ချိန်မှာ စာရေးသူဟာ အသက် ၂၅နှစ်ကျော်ဘဲရှိချိန်ပါ။ စာရေးသူဟာ ငယ်စဉ်ကထဲက အမျိုးသားရေး၊ ဘာသာရေး၊ လူမှုရေး လုပ်ငန်းတွေ စိတ်ဝင်စားခဲ့လို့ အဲဒီဆောင်းပါးရေးနိုင်ခဲ့တာပါ၊ မြန်မာမွတ်စလင်မ်တို့၏ အခြေအနေ ပြောင်းလဲတိုးတက်လာပြီး ကမ္ဘာနဲ့ ရင်ဘောင်တန်းနိုင်ဘို့ပါ၊ (မွတ်စလင်မ်တွေဟာ ကမ္ဘာမှာ လှုပ်ရှားသွားလာပြီး မျက်မှောက်ဘဝမှာ စိတ်၏ သာယာမှုကို ဖန်တီးနေတာတွေဟာ အလ္လာဟ်အရှင် ဖြစ်စေလိုတဲ့ အရာတွေ မဟုတ်ပါ၊ မွတ်စလင်မ်တွေဟာ ဤမျက်မှောက်လူ့ဘဝမှာလည်း အကောင်းဆုံးသူတွေ ဖြစ်ပြီး (အာခေရသ်) မွေးမြူဖန်ဆင်းတော်မူတဲ့ အလ္လာဟ်အရှင်မြတ်ရဲ.ထံတော်မှာ အကောင်းဆုံး သူတွေဖြစ်ရဘို့ပါ။ မွတ်စလင်မ်တွေဟာ (မေနရာ)မျှော်စင်ပေါ်က “အောင်မြင်ရာဘက်သို့ လာကြပါကုန်” ဟုဘိတ်ခေါ်သကဲ့သို့ အောင်မြင်ရာ အကောင်းဆုံးလုပ်ငန်းတွေ လုပ်ကြရမယ့် သူတွေပါ။
အထက်ပါအချက်တွေဟာ သုံးသပ်ချက်နိဒါန်းပါ၊ (စာရေးသူရဲ. ရေးသားပုံ နှစ်ငါးဆယ်မှာ ပြောင်းလဲ လာတာတွေ့ကြလိမ့်မယ် ထင်ပါတယ်၊ မြန်မာ စာတတ်တွေကို စကားပြော ပုံစံ ရေးသားတင်ပြတာ ပိုလို့ထိရောက်မယ်ထင်လို့ပါ၊) ဆောင်းပါးမှာ ဖော်ပြခဲ့တဲ့ ခေါင်းစဉ် ၄ ခုကို တစ်ခုချင်း အကုန် သုံးသပ်မှာပါ၊ စဉ်းစားတွေးခေါ်ကြည့်ကြပါကုန်။