Monday, December 14, 2009

Gmail များတွင် တွေ့သိနေရသော အစ္စလာမ့်ဆန့်ကျင်ရေး (၃)

အစ္စလာမ်သည် အကြမ်းဖက်မှုကို အားမပေး၊ အလ္လာဟ်သည် စစ်ကို မလိုလား
"၄င်းတို့သည် စစ်မီးကို မွှေးသော အခါတိုင်း အလ္လာဟ်အရှင်မြတ်သည် ထိုစစ်မီးကို ငြိမ်းစေ တော်မူခဲ့သည်။ ၄င်းပြင် ထိုသူတို့သည် ကမ္ဘာပေါ်ဝယ် ပျက်စီးရာ ပျက်စီးကြောင်း ကြိုးပမ်း အားထုတ်ကြကုန်၏"(ကုရ်အာန် ၅း၆၄)

"ထို့ပြင် ၄င်းတို့သည် သင်တို့ထံ စစ်မက်ကျေအေးရန် ကမ်းလှမ်းခဲ့ကြပါမူ၊ အလ္လာဟ် အရှင်မြတ်သည် အသင်တို့အား စစ်တိုက်ကြရန် မည်သည့်နည်းလမ်းကိုမျှ ခွင့်ပြုတော်မူမည် မဟုတ်ပေ။" (ကုရ်အာန် ၄း၉၀)

မျိုးပြုန်းသတ်ရန်ဝေးစွ၊ တစ်ဦးတစ်ယောက်ကိုပင် မတရားသတ်ဖြတ်ခွင့် မရှိ
"မည်သူမဆို တစ်ဦးတစ်ယောက်အား အသက်တစ်ချောင်း၏အစားလည်းမဟုတ်၊ တိုင်းပြည်၌ သောင်းကျန်းဖျက်စီးမှု ကြောင့်လည်းမဟုတ်၊ သတ်ဖြတ်ခဲ့ပါမူထိုသူသည် လူသားအားလုံးကို သတ်ဖြတ် သကဲ့သို့ပင်။"(ကုရ်အာန်၅း၃)

တမန်တော်မြတ်သည် မက္ကာကို ပြန်လည်အောင်နိုင်သောအချိန်၌ ဖျက်စီးခဲ့သော နတ်ရုပ်ထုများမှာ တမန်တော် အာဒမ်(အ-စ) အုတ်မြတ်ချ၍ တမန်တော် အိဗ်ရာဟီမ် (အ-စ)မြှင့်တင်ခဲ့သော အလ္လာဟ့်အိမ်တော်မှ နတ်ရုပ်များသာဖြစ်ပြီး
မက္ကာခေါင်းဆောင် အဗူစူဖီယာန်အိမ်မှ ရုပ်ထုများကို မဖျက်စီးခဲ့သလို၊ အခြားမည်သည့်အိမ်၊ မည်သည့်ဆိုင်၊ မည်သည့်နေရာမှ မိမိတို့ဆန္ဒအလျောက် ပြုလုပ်ထားရှိသော ကိုးကွယ်ရာ ရုပ်ထုတစ်ခုတစ်လေကိုမျှပင် ဖျက်စီးတော်မမူခဲ့ပါ။ လွတ်လပ်စွာ ကိုးကွယ်ခွင့်ပြုထားခဲ့ပါသည်။ ကအ်ဗဟ်ကျောင်းတော်သည် တစ်ပါးတည်းသော အလ္လာဟ်အရှင်မြတ်၏ အိမ်တော်ဖြစ်သည့်အတွက် ရုပ်ထုထားရှိခွင့်မပြုသဖြင့် ဖျက်ဆီးခဲ့ရခြင်းဖြစ်ပါသည်။

အစ္စလာမ်သည် အခြားဘာသာတရားကို ဖျက်စီးရန်ဝေးစွ၊ မကောင်းပြောခြင်းကိုပင် တားမြစ်၏
"အလ္လာဟ်အရှင်မြတ်အပြင် ယင်းသူတို့တသကိုးကွယ်နေကြသော ကိုးကွယ်ရာများကို မကောင်းပြောဆို ကဲ့ရဲ့ခြင်းမပြုကြနှင့်။" (ကုရ်အာန် ၆း၁၀၈)

အခြားဘာသာဝင်တို့၏ အဆောက်အဦးများကို ကာကွယ်စောင့်ရှောက်ခိုင်းထားသည်
"အကယ်၍ အလ္လာဟ်အရှင်မြတ်သည် လူသားတို့၌ တစ်ချို့ကိုတစ်ချို့ဖြင့် ကာကွယ် တော်မူခြင်းမရှိပါက ဘုန်းတော်ကြီး ကျောင်းများ၊ ၀တ်ကျောင်းတော်များ၊ မေတ္တာပွားများရာ တရား စခန်းရိပ်သာများ၊ အလ္လာဟ်နာမတော်ကို တသပွားများရာ မတ်စ် ဂျီဒ် ဗလီဝတ်ကျောင်းတော် များသည် ဧကန်အမှန် ဖြိုဖျက်ခြင်းခံကြရပေမည်။" (ကုရ်အာန် ၂၂း၄၀)

ပါကစ္စတန်နိုင်ငံတွင် ဗုဒ္ဓဘာသာနှင့် သက်ဆိုင်သော၊ အဖိုးမဖြတ်နိုင်သော အမွေအနှစ်များအား ယနေ့ထက်တိုင် ပါကစ္စတန် အစိုးရနှင့် ပြည်သူများက အမျိုးသားယဉ်ကျေးမှုအမွေအဖြစ် ဂုဏ်ယူစွာ စောင့်ရှောက်ထားကြပါသည်။
မွတ်စလင်မ်အများဆုံးနေရာ အင်ဒိုနီးရှား၌လည်း ကမ္ဘာ့အကြီးဆုံးဗုဒ္ဓဘာသာ အဆောက်အဦးကြီးဖြစ်သော "ဗောရော- ဗုဒ္ဓေါ" စေတီတော်ကြီးကို မိမိတို့ကိုယ်ပိုင်အမျိုးသားယဉ်ကျေးမှုအမွေတစ်ရပ်အဖြစ် အားလုံးကပင် ဂုဏ်ယူထိန်းသိမ်းနေကြပါသည်။
ကမ္ဘာပေါ်ရှိအစ္စလာမ်နိုင်ငံများတွင် လူများစုမွတ်စလင်မ်များနှင့် လူနည်းစုဘာသာခြားတို့သည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ကြကာ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဘာသာရေးအဆောက်အဦးများကို အပြန်အလှန်အကာအကွယ်ပေးကြပေသည်။

မွတ်စလင်တို့ ဓါးမိုး၍ သာသနာမပြုခဲ့ပါ
မွတ်စလင်တို့သည် စပိန်နိုင်ငံကိုနှစ်ပေါင်း ၈၀၀ တိုင် အုပ်စိုးသွားခဲ့ကြပါသည်။ စပိန်က မွတ်စလင်တို့သည် တိုင်းသူပြည်သား များ အစ္စလာမ်ကို ကူးပြောင်းလက်ခံရေးအတွက် ဘယ်တုံးကမှ ဓါးမိုးပြီးအတင်းအဓမ္မမပြုခဲ့ကြပါ။

မွတ်စလင်မ်တို့သည် အိန္ဒိယနိုင်ငံကြီးကို နှစ်ပေါင်း ၁၀၀၀ ခန့် အုပ်ချုပ်ခဲ့ပါသည်။ သူတို့သာဆန္ဒရှိခဲ့ပါလျင် အိန္ဒိယမှာရှိသော
မွတ်စလင်မ်မဟုတ်သောသူများကို တစ်ဦးမကျန်အစ္စလာမ်ဘာသာကို ကူးပြောင်းလက်ခံကြရမယ်ဆိုပြီး အင်အားသုံးကာ ဆောင်ရွက် နိုင်ပါသည်။
အိန္ဒိယတွင် လူပေါင်းသန်းပေါင်းများစွာသည် မွတ်စလင်မဟုတ်သောသူတွေပင်၊ မွတ်စလင်မ်မဟုတ်သောသူများသည် အစ္စလာမ်ဟာဓါးမိုးသာသနာပြုခဲ့တာမဟုတ်ကြောင်းကို သက်သေခံနေကြပါသည်။
အင်ဒိုနီးရှားနိုင်ငံသည် ကမ္ဘာမှာ မွတ်စလင်မ်လူဦးရေ အများဆုံးနိုင်ငံကြီးတစ်ခုဖြစ်ပါသည် ။ မလေးရှားနိုင်ငံသည်လည်း
လူများစုကြီး က မွတ်စလင်မ်များဖြစ်ကြပါသည်။ မည်သည့်မွတ်စလင်မ်စစ်တပ်ကြီးကများ အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့သို့မရောက်ခဲ့ပါ။

အလားတူ အစ္စလာမ်သည် အာဖရိက အရှေ့ကမ်းရိုးတန်း ဒေသများတွင် အလျင်အမြန် ပြန့်ပွားသွားခဲ့ရပါသည်။ အာဖရိက အရှေ့ကမ်းရိုးတန်းဒေသကို မည်သည့်မွတ်စလင်မ် စစ်တပ်ကြီးကမျှမသွားရောက်ခဲ့ပါ။
အမှန်စင်စစ်သော်ကား ကောင်းမှုနှင့်မကောင်းမှုတို့မှာ တူကြသည်မဟုတ်ပေ။ (သို့ဖြစ်ပေရာ) အသင်သည် (မကောင်း မှုကို)ကောင်းမှုဖြင့် ခုခံတွန်းလှန်ပါလေ။ သို့ဖြစ်လျှင် အကြင်နှင့်ရန်ငြိုး ရှိသူသည် မိတ်ဆွေအရင်းကဲ့သို့ ဖြစ်လာပေမည်။ (၄၁း၃၄)

Gmail များတွင် တွေ့သိနေရသော အစ္စလာမ့်ဆန့်ကျင်ရေး (၂)

"သူတော်ကောင်းသည် သူနှစ်ယောက်တို့၏ညီညွတ်မှုကို ဖျက်စီးတတ်သော ကုန်းတိုက် စကားပြောခြင်းကို ရှောင်ကြဉ်၏။ စိတ်ဝမ်းကွဲသောသူတို့ကို စေ့စပ်၏။ ညီညွတ်ပြီးသောသူတို့ကို အမြဲညီညွတ်အောင် ကူညီ၏။ ပြောဆို၏။"
(မဇ္ဈိမနိကာယ်၊ ဆဗ္ဗိသောဓနသုတ်)။

သို့ရှိရာ မွတ်စလင်မ်လူငယ်တို့သည် Internet Email, Gmail များတွင်တွေ့နေရသော အစ္စလာမ်ဆန့်ကျင်ရေး၊ မွတ်စလင်မ်မုန်းတီး ရေး၊ ၀ါဒဖြန့်စာသားများကို ရေးသားတင်ပြနေသူမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဟု တွေးမထင်ကောင်းပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့သော အောက်တန်းကျသည့် အမှုအား ဘယ်နည်းဖြင့်မျှ မပြုလုပ်နိုင်ပါ။ ထိုသို့ အသိမရှိဘဲနှင့်
အထင်မှားမိပါက မိမိ၌ပင် အပြစ်ဖြစ်စေနိုင်ပါသည်။

"အို-ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် များစွာသောထင်မြင်ယူဆချက်များမှရှောင် ကြဉ်ကြလေကုန်။ ဧကန်အမှန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။" (ကုရ်အာန် ၄၉း၁၂)


(၁) အစ္စလာမ်တွင် စစ်ပွဲများကို ခွင့်ပြုထားရခြင်း မက္ကာဟ်သားမုရှရီက်တို့၏ စော်ကားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုများကို
တမန်တော်မုဟမ္မဒ် (ဆွ)ကို လက်ခံခဲ့ကြသော သူတို့မှာ ဒလစပ်ခံခဲ့ကြရပြီး၊ အလ္လာဟ်ဘက်မှ ပြန်လည်တုံ့ပြန်၍ အခွင့်အရေးမပေးသေးသဖြင့် နင်းပြားဘ၀သို့ ရောက်ခဲ့ရပုံမှာ ကမ္ဘာ့သမိုင်းပညာရှင်တို့အတွက် ကရုဏာသက်ဖွယ်တစ်ရပ်အဖြစ်
မှတ်တမ်းဝင်ခဲ့ရပါသည်။ အလ္လာဟ်အရှင်၏ ရည်ရွယ်ချက်မှာ အစ္စလာမ်သည် မွန်မြတ်မှန်ကန်သော လမ်းစဉ်အယူဝါဒဖြစ်ကြောင်းကို လက်တွေ့ပြသရန် ရည်ရွယ်သည်ဖြစ်ရကား အစတွင် မေတ္တာတရားကို ကိုယ်ထင်ပြဖို့ ငုံ့ခံခိုင်းခဲ့ပါသည်။ ပြီးနောက်မှ သစ္စာတရားကို ခိုဝင်ကြဖို့ တုံ့ပြန်ခိုင်းပါသည်။

အစ္စလာမ်သာသနာတွင် စစ်ပွဲဆင်နွှဲရန် ခွင့်ပြုထားသော်လည်း သဘာဝကျသော သာသနာ၊ လက်တွေ့ဆန်သော သာသနာ၊ လွယ်ကူရိုးရှင်းသော သာသနာ၊ တရားမျှတကို မျက်ခြေအပြတ်မခံသောသာသနာ၊ မေတ္တာတရားကို အပျိုရည်မပျက်စေသော သာသနာ၊ အမှန်တရားနှင့်ယှဉ်သော သာသနာ ဖြစ်သည့် အားလျော်စွာ စည်းကမ်းချက်များကို တင်းကြပ်စွာချမှတ်ထားပါသည်။

"လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ကြလေကုန်။" (ကုရ်အာန် ၂း၁၉၁)
အစ္စလာမ်တွင် ခုခံစစ် သက်သက်ကိုသာ ခွင့်ပြုထားပြီး၊ ကျူးကျော်စစ်ဟူသမျှကို အားမပေးပါ။ မထောက်ခံပါ။ မပြုခိုင်းပါ။
ဤသို့ တရားသော ခုခံစစ်၊ ပြန်တိုက်ခွင့်ကို ခွင့်ပြုခဲ့သည့် အချိန်မှာ ဟစ်ဂျရီ (၂)ခုနှစ်၊ ဆွဖရ်လ ၁၂ ရက်နေ့တွင် ဖြစ်ရာ တမန်တော်သက်တော် (၅၅)နှစ်ရောက်မှသာ ဖြစ်ပါသည် တနည်းဆိုသော် မွတ်စလင်မ်တို့သည် ၁၅နှစ်လုံးလုံး အနိုင်ကျင့်ခံ ဘ၀ဖြင့် နေထိုင်ခဲ့ကြရပါသည်။

"အလ္လာဟ့်လမ်း၌ အသင်တို့ကို တိုက်ခိုက်လာသူတို့အား တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် အသင် တို့သည် စည်းဖောက်သူများ မဖြစ်ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း၊ ဖောက်ဖျက်သူတို့အား နှစ်သက်တော်မမူပေ။ လာရောက်တိုက်ခိုက်သူတို့အား တွေ့ရှိရာအရပ်၌ သုတ်သင်ကြလေကုန်။ အသင်တို့ကို နှင်ထုတ်ခဲ့ကြသော နေရာမှ အသင်တို့ကလည်း ပြန်လည် နှင်ထုတ်ကြလေကုန်။ ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ပို၍ဆိုးရွားလှ ပေသည်"
ကုရ်အာန် (၂း၁၉၀-၁၉၁)

- အလွန်ရိုးစင်းလှသော စည်းကမ်းလမ်းညွှန်ပင် -
(က) အလ္လာဟ့်လမ်း၌ လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ရန်
(ခ) စည်းမကျူးကြရန်
(ဂ) ကျူးကျော်သူကို တွေ့ရာအရပ်၌ နှိမ်နှင်းရန်
(ဃ) မိမိတို့ ပိုင်ဆိုင်သောနေရာမှာ ပြန်လည်နှင်ထုတ်ရန်ဟုသာ
ဆက်တိုက်ပြောထားရာ
(၁) မိမိအိမ်၌ မိမိနေသော (၂) မိမိအလုပ်မိမိလုပ်နေသော (၃) မိမိနေရာ၌ မိမိရှိနေသော (၄) မွတ်စလင်မ်တို့အား မကျူးကျော်သော၊ မစော်ကားသော သူတို့အား ဘာတစ်ခုမျှ ပြုလုပ်ရန် ညွှန်ကြားထားချက် မရှိပါ။ မပါပါ။

အစ္စလာမ်တွင် ခုခံစစ်ကို ခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်မှာ
"ညှင်းပမ်းမှုလုံးဝ ပပျောက်သွားသည့်အထိ၊ သာသနာသည် အလ္လာဟ့်အတွက် ဖြစ်သည့်တိုင် ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ သို့ရာတွင် ထိုသူတို့သည် စစ်တိုက်ခြင်းကို ရပ်စဲကြပါလျှင် ညှင်းပမ်းနှိပ်စက်သူတို့မှတစ်ပါး အခြားသူများကို ရန်လိုစရာ အကြောင်းမရှိပေ။" (ကုရ်အာန် ၂း၁၉၃)

"သာသနာရေး၌ အဓမ္မ စနစ် မရှိစေရ။" (ကုရ်အာန် ၂း၂၅၆)

သို့ရှိပေရာ အစ္စလာမ်တွင် စစ်တိုက်ခွင့်ရှိသည်ဟု ဆိုရာ၌ -
(က) တရားသောခုခံစစ်သာ ဖြစ်ရပေမည်။
(ခ) ကျူးကျော်စစ် လုံးဝမဖြစ်စေရ။
(ဂ) စည်းကမ်းမဖောက်ရ။
(ဃ) ညှင်းပမ်းနှိပ်စက်မှု မရှိစေရ
(င) စစ်ပြေငြိမ်းပါက ရန်မလိုရ ဟူသောအချက်များနှင့်အညီသာ ပြုခွင့်ပေးထားခြင်းသာ ဖြစ်ပါသည်။

အစ္စလာမ်သည် ဘာသာအယူဝါဒ မတူသူများနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ခွင့်ရှိသည်။
" အို လူသားအပေါင်းတို့၊ ငါအရှင်သည် အသင်တို့အား တစ်မိတစ်ဖတည်းမှ ဖန်ဆင်း ပြုလုပ်တော်မူခဲ့သည်။" (ကုရ်အာန် ၄၉း၁၃)

ဤအာယသ်တော်သည် လူသားအပေါင်းတို့သည် ကမ္ဘာအိမ်ထောင်စုကြီးဖြစ်သည်ဟု ဖော်ညွှန်းထားခြင်းဖြစ်သည်။ အစ္စလာမ်က ဤအတိုင်းပင်ခံယူထားပါသည်။
"အသင်တို့အား ဘာသာရေး၌ မတိုက်ခိုက်သူများ၊ အသင်တို့အား အိမ်များမှ မနှင်ထုတ်သူများအား ကောင်းကျိုးပြုပေး ခြင်းနှင့်
တရားမျှတစွာဆက်ဆံခြင်းကို ငါအရှင်မြတ်က မတားမြစ်ပါ။" (ကုရ်အာန် ၆၀း၈)
"အသင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် အကောင်းဆုံးပေါ်ထွက်လာသူများပင်။" (ကုရ်အာန် ၃း၁၁၀)
"ထို မယုံကြည်သူတို့အား ခွင့်လွှတ်ပါ။ ငြိမ်းချမ်းရေးပြောပါ။ သူတို့သည် မကြာမီ သိလာကြမှာပါ။" (ကုရ်အာန် ၄၃း၈၉)

"မွတ်စလင်မ်ဟူသည် လူသားတို့အားသူ၏ နှုတ်ဖြင့်လည်းကောင်း၊ သူ၏ လက်ဖြင့်လည်းကောင်း ငြိမ်းချမ်းရာရစေကြောင်း ဖန်တီးပေးသူသာဖြစ်၏" (တမန်တော်မြတ် ၏နောက်ဆုံး ဟဂ်ျမိန့်ခွန်း)

အစ္စလာမ်ကပြဆိုသော အိမ်ထောင်ရေး
ကမ္ဘာပေါ်တွင်ရှိသော ဘာသာသာသနာအသီးသီးသည် ကြည်ညိုလေးစားဖွယ်ရာ အပေါင်းနှင့်ပြည့်နှက်နေပါသည်။ ကိစ္စရပ်များအတွက်လည်း စည်းကမ်းနည်းလမ်းများ ချမှတ်သွန်သင်ထားပါသည်။ အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ညွှန်ကြား ပြသရာ၌ အစ္စလာမ်သည် အပြည့်စုံဆုံးဟု ဆိုရပေမည်။

မည်သည့်အယူဝါဒကမျှ အမျိုးသားသည် ဇနီးမယားဘယ်နှစ်ဦးယူခွင့်ရှိသည်ကို တိတိပပ ပြောဆိုထားခြင်းကို မတွေ့ရပေ။ ယဉ်ကျေးမှုဓလေ့ထုံးထမ်းအရသာ အိမ်ထောင်သားမွေးပြုကြပြီး တစ်လင်တစ်မယားစနစ်ကို အများအားဖြင့် ကျင့်သုံးနေကြပါသည်။

အစ္စလာမ်သည် သဘာဝကျသော သာသနာဖြစ်သည့်အားလျှော်စွာ အမျိုးသားတစ်ဦးအား ဇနီးတစ်ယောက်သာ ယူရမည်ဟု ပြောမထားပါ။ ဤသို့သတ်မှတ်ထားပါက အချို့သော သူများအတွက် ပြဿနာများပေါ်ပေါက်လာနိုင်ပါသည်။ သို့သော်
တစ်လင်တစ်မယားစနစ်သည်သာ အကောင်းဆုံးဖြစ်ကြောင်းကိုတော့ ပီပြင်စွာတင်ပြထားသည့်တစ်ခုတည်းသော သာသနာဖြစ်ပါသည်။

အသင်တို့သည် ခိုကိုးရမဲ့ မိဘမဲ့ကလေးများနှင့်ပတ်သက်၍ တရားမျှတမှုအတွက် စိုးရိမ် မကင်းဖြစ်ပါမူ အမျိုးသမီး တစ်ဦး (သို့မဟုတ်) အသင်တို့လက်ယာလက်ကပိုင်ဆိုင်သော ကျွန်မ တစ်ဦးနှင့်ပင် လက်ထပ်ရပေမည်။ (ကုရ်အာန် ၄း၃) ဤအာယသ်တော်အား ခွဲခြမ်းစိစစ်သော်-
(က) မိဘမဲ့ ကလေးများကို စာနာသနားမှု (ခ) တရားမျှတမှုကိုရှေ့တန်းတင်ခြင်း (ဂ) တစ်ဦးတည်းယူရန် အသားပေးခြင်း (ဃ) ကျေးကျွန်ကို ဂုဏ်ပေးကာ သူကောင်းပြုစေမှုတို့ပါဝင်နေသည်မှာ ထင်ရှားနေပါသည်။
တမန်တော် မုဟမ္မဒ် (ဆွ) ခေတ်အချိန်၌ ကျွန်ပိုင်ရှင်စနစ်ထွန်းကားနေပြီး ကျွန်လူတန်းစားတို့ခမျာမှာလည်း အနှိမ်ခံ၊ အနိုင်ကျင့်ခံ ဘ၀မျိုးဖြင့် အဆင့်အတန်းနိမ့်ကျကာ လူဖြစ်ကျိုးမနပ်ဖြစ်နေကြရရှာပေသည်။ သို့ရှိရာ အစ္စလာမ်သည် လူလူချင်း တစ်ဘက်သတ်အနိုင်ကျင့်မှုကို လက်မခံ၊ အားမပေးသော သာသနာဖြစ်သည့် အားလျှော်စွာ ကျွန်စနစ်ပပျောက်ရေးကို လက်တွေ့
အကောင်အထည်ဖော်ကာ ရှေ့တန်းက ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။

သည့်အတွက်ကြောင့်ပင် အစ္စလာမ့်မဏ္ဍိုင်ကြီး (၅) ရပ်အနက်မှ တစ်ရပ်အပါအ၀င်ဖြစ်သော ဇကားသ်(သန့်စင်ဒါန) ငွေကြေးကို ပေးသည့်အခါ၌ " ကျွန်ဘ၀မှ လွတ်မြောက်စေရန်" အတွက်ပါပေးကြရန် မိန့်ကြားထားပါသည်။ (ကုရ်အာန် ၉း၆၀)။
ထို့ပြင် ဂျန္နသ်သို့ စံမြန်းရမည့်သူတော်ကောင်းတို့၏ အရည်အချင်းကိုဖော်ကျူးရာတွင်လည်း -
"ကျွန်တစ်ဦးကိုလွတ်မြောက်စေမှု"သည်လည်း တစ်ရပ်အပါအ၀င်ဖြစ်နေပြန်ပါသည်။}} (ကုရ်အာန် ၉၀း၁၃)
အစ္စလာမ်သည် ကျွန်လူတန်းစားကိုသနားကြင်နာခိုင်းပါသည်။ ကယ်တင်ခိုင်းပါသည်။ ကောင်းမွန်ရာကိုပြုစေပါသည်။
"ကြင်ဖော်မရှိသော ယောက်ျား-မိန်းမတို့အားလည်းကောင်း၊ ကောင်းသော ကျွန်-ကျွန်မများကိုလည်းကောင်း ထိမ်းမြားပေး ကြပါလေ။" (ကုရ်အာန် ၂၄း၃၂)


အစ္စလာမ်သည် ဘာသာခြားအမျိုးသမီးများကိုယူ၍ သာသနာမပြုခိုင်းပါ။ "ယုံကြည်သူ မုရှ်ရီက်ထက်စာလျှင် ယုံကြည်သူ ကျွန်မက
ပို၍ကောင်းမြတ်လှပေသည်။" (ကုရ်အာန် ၂း၂၂၁)

ဟစ်ဂျရီ ၂ ခုနှစ် ၊ ဆွဖရ်လ (၁၂)ရက်နေ့၌ စော်ကားကျူးကျော်သူတို့အား ပြန်လည်ခုခံပိုင်ခွင့် ရရှိသွားသဖြင့် အများ ငြိမ်းချမ်းအတွက် မဖြစ်မနေစစ်ပွဲများကို မလွှဲမရှောင်သာဆင်နွှဲခဲ့ကြရလေရာ ခုခံစစ်ပွဲများ၌ ကျဆုံးသွားသော ရှဟီဒီ အာဇာနည်များ၏ ဇနီးမယားများမှာ မုဆိုးမဘ၀သို့ ဆိုက်ရောက်သွားခဲ့ရပါသည်။ ဤသို့စစ်ပွဲများ ဖြစ်ပွားပြီးတိုင်း မုဆိုးမ
အရေအတွက်တိုးလာရာ သူမတို့၏ဘ၀ လုံခြုံရေးအတွက်နှင့် အဖမဲ့ကလေးများ၏ ရပ်တည်ရှင်သန်ရေးတို့အတွက် အကာအကွယ် ပေးရန်နှင့် နွေးထွေးသောမေတ္တာပေးရန် လိုအပ်လာပါသည်။ ထို့အတွက်ကြောင့် တမန်တော် မုဟမ္မဒ် (ဆွ)က မိမိ၏
နောက်လိုက် ဆွဟာဗဟ်တို့ကို မုဆိုးမများကို တရားဝင်ထိမ်းမြားယူကြပါရန် မိန့်ကြားရာတွင် ဆွဟာဗဟ်များကလည်း မန်တော်၏အဆိုအမိန့် ကို နာခံကြပါသည်။

ဤနေရာ၌ သိထားအပ်သည်မှာ -
မဒီနာရှိ အန်ဆွာရီ ဆွဟာဗဟ်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများအား မရှိရှာသော ဆွဟာဗဟ်များကို မိမိတို့၏ ပိုင်ဆိုင်မှုအနက်မှ ၅၀ရာခိုင်နှုန်းကိုပင် ပေးဝံ့သူများ၊ ပေးခဲ့ကြသူများ ဖြစ်ကြသကဲ့သို့ မက္ကာမှ မုဟာဂျီရီးန်ဆွဟာဗဟ်တို့သည်လည်း မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊ အိုးအိမ်များအားလုံးကိုပင် စွန့်ဝံ့သူ များဖြစ်ကြရာ သူတို့၏ နှလုံးသားစိတ်အစဉ်တွင် စွန့်လွတ်အနစ်နာခံလိုစိတ်များဖြင့်သာ ထုံမွန်းနေသူများဖြစ်ကြောင်း နားလည်ရ ပါမည်။ အမျိုးသမီးများကို တစ်ဦးထက်မက လက်ထက်ခဲ့ကြခြင်းမှာ အကာအကွယ်ပေးလိုမှုကြောင့်သာ ဖြစ်ပါသည်။
ကာမဂုဏ် လိုက်စားဖို့အတွက် တဏှာကျူးလွန်ရန် စိတ်ကူးမရှိပါ။ ဤသည်ကို အလ္လာဟ်ကလည်း ပြင်းထန်စွာ သတိပေးထားပါသည်။
"မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် ကာမဂုဏ်လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ၊ ထိန်းသိမ်း စောင့်ရှောက်သူများအဖြစ်နှင့်သာ ထိမ်းမြားကြလေကုန်။" (ကုရ်အာန် ၄း၂၄)
အစ္စလာမ်သာသနာ၏ သင်ကြားချက်၌ မိမိမလုပ်သောအလုပ်ကို သူတစ်ပါးအား လုပ်ခိုင်းခြင်းကို အလွန်စက်ဆုပ်ဖွယ်ရာ အဖြစ် မှတ်ယူပါသည်။
"အသင်တို့ မပြုလုပ်သောကိစ္စကို အဘယ်အတွက်ကြောင့် ပြောဆိုနေကြပါသနည်း။ အလ္လာဟ့်ထံတွင် အသင်တို့ မပြုလုပ်သော ကိစ္စကို ပြောဆိုခြင်းသည် အလွန်ပင်ရွံ့စရာကောင်းလှ ပေသည်။"(ကုရ်အာန်၆၁း၂-၃)
ထို့ကြောင့် တမန်တော်မြတ် (ဆွ)သည် ဆွဟာဗဟ်များကို မုဆိုးမများကို စောင့်ရှောက်ရန် သင်ကြားရာ၌ မိမိကိုယ်တိုင် လည်း
လက်တွေ့စံပြပြုကျင့်ခဲ့ပါသည်။ သည့်အတွက်ကြောင့်လည်း တမန်တော်မြတ်၏ဇနီး(၁၁)ပါးတွင် အာအိရှာသခင်မသာလျှင် အပျိုဖြစ်ကာ ကျန် (၁၀)ယောက်မှာ မုဆိုးမများသာ ဖြစ်ခဲ့ကြပါသည်။
အာအိရှာသခင်မနှင့် ပတ်သက်၍ ယိုးစွတ်ချက်တစ်ခုမှာ တမန်တော်မြတ်(ဆွ)သည် သခင်မအား အရွယ်မရောက်သေးခင် ထိမ်းမြားခဲ့သည်ဟူ၍ ဖြစ်ပါသည်။ ဤသည် ယုတ္တိကင်းသော စွပ်စွဲချက်တစ်ခုသာ ဖြစ်ပါသည်။ အစ္စလာမ်၏ သင်ကြားချက်၌
(က) အရွယ်မရောက်သေးသောသူကို ထိမ်းမြားလက်ထက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၆)
(ခ) အမွေတစ်ရပ်အနေဖြင့်လည်း အဓမ္မသိမ်းပိုက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၁၉)


အစ္စလာမ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မှုများရှိစဉ်အခါသမယ၌ တမန်တော်ကိုယ်တိုင်က ကုရ်အာန်နှင့် ဆန့်ကျင်သော အမှုများကို ပြုခဲ့သည်ဟု ဆိုပါလျှင် -
(၁) အစ္စလာမ်ကို မလိုလားသည့်မက္ကာသား မုရှရီက်တို့၏ တွံတွေးခွက်၌ ပက်လက်မျောရမည့်အဖြစ်ပင်။
(၂) နောက်လိုက်တို့၏ စိတ်ကူးတွင်လည်း သူကိုယ်၌က မလိုက်နာသော မလုပ်နိုင်သော ကိစ္စအား မိမိတို့ကို ခိုင်းစေသဖြင့် အလ္လာဟ်ရွံသောသူအဖြစ် ရှုမြင်သွားကာ အားလုံးက တမန်တော်အပါးမှ ဆုတ်ခွာသွားကြမည်မှာ ဧကန်ပင်။
(၃) တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ အတူရောနှောနေကြသော "မုနာဖိက်" အယောင်ဆောင်မွတ်စလင်မ်များအဖို့မူ တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ ဤကိစ္စကိုအကြောင်းပြု၍ သွေးခွဲရန်လည်း မဟာအခွင့်အရေးတစ်ရပ်ပင် မဟုတ်ပါလား။
သို့သော် -
(က) မက္ကာသား မုရှရီက်တို့၏ လက်ညှိုးထိုးကဲ့ရဲ့ခြင်းကို တမန်တော်မြတ်မခံခဲ့ရခြင်း
(ခ) ဆွဟာဗဟ်တို့၏ အကြည်ညိုပျက်ခြင်းကိုလည်း မခံခဲ့ရခြင်း (အာအိရှာသခင်မ၏ ဖခင်ကြီးအပါအ၀င်)
(ဂ) မုနာဖိက်တို့အတွက် သွေးခွဲစရာ၊ ၀ါဒဖြန့်စရာဖြစ်ရအောင် ဟာကွက်၊ ပျော့ကွက် မရှိခဲ့ခြင်းမှာ တမန်တော်သည် မိမိပြောသော စကားကို မိမိကိုယ်တိုင် လိုက်နာခဲ့သောကြောင့်သာဖြစ်ပေသည်။

တမန်တော်မြတ်အား လူပျိုလူလွတ်ဘ၀၌ပင် မက္ကာခေါင်းဆောင်များသည် အစ္စလာမ်ကို ဆက်လက်မဟောကြားက အိုးအိမ်၊ ရတနာပစ္စည်း၊ မက္ကာမြို့ရဲ့အာဏာနှင့် နှစ်သက်ရာအမျိုးသမီးများကို ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာရာတွင် တမန်တော်မြတ် (ဆွ) က ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။ တမန်တော်သည် အာဏာလည်း မမက်ပါ၊ စည်းစိမ်လည်း မမက်မောပါ။ မိန်းမလည်း မက်မောခြင်းကင်းကြောင်း လက်တွေ့သက်သေထူခဲ့ပြီးပါပြီ။

သက်တော် (၂၅)နှစ်၌ မုဆိုးမတစ်ဦးဖြစ်သူ ခတီဂျာသခင်မနှင့် လက်ထပ်ထိမ်းမြားပြီး တစ်လင်တစ်မယားစနစ်ကို တာဝန်သိသိ၊
သိက္ခာရှိရှိထူထောင်သွားခဲ့သည်မှာ ခတီဂျာသခင်မ ကွယ်လွန်ချိန် တမန်တော်မြတ် သက်တော် (၄၈)နှစ်အထိပင် ဖြစ်ပါသည်။ ခတီဂျာသခင်မနှင့် (၂၃)နှစ်တာ တစ်လင်တစ်မယားစနစ်ဖြင့် နေထိုင်ခဲ့သော တမန်တော်မြတ်အား လူပျိုဘ၀၌ရော၊
အိမ်ထောင်သည်ဘ၀၌ပါ မိမိအား စွဲလန်းချစ်ခင်နှစ်သက်သော အမျိုးသမီးများစွာ ရှိခဲ့ရာ စိတ်ဝင်စားမှုလုံးဝမရှိခဲ့ဘဲ အားနည်းသူ ကျွန်များ၊ အမျိုးသမီးများဘက်မှ လူနည်းစုဘက်မှ ရပ်တည်ကာကွယ်ပေးရင်း၊ လူမှု့ဘ၀ကို မြှင့်တင်ပေးခြင်း၊ အစ္စလာမ့်တရားကို ဖြန့်ချီရင်းဖြင့်သာ မိမိဘ၀ကို တန်ဘိုးရှိရှိ၊ သိက္ခာသမာဓိအပြည့်ဖြင့် နေထိုင်သွားခဲ့သဖြင့် ဘာသာမတူသူ ကမ္ဘာ့သမိုင်းပညာရှင် တို့၏ လေးစားမှုကို အပြည့်အ၀ရရှိခဲ့ပါသည်။

ဤနေရာ၌ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး အိန္ဒိယပြည်၏ စံပြခေါင်းဆောင်ကြီးဖြစ်သော မဟတ္တမဂန္ဓီကြီး၏ စကားကို ကိုးကားဖော်ပြရပါသော်-
"ကျွန်ုပ်တို့ ရိုးစင်းသော ၀တ်စားဆင်ယင်မှုနှင့် ရိုးစင်းသော ဘ၀ကိုနှစ်သက်ခြင်းတို့မှာ တမန်တော်မြတ် မုဟမ္မဒ်ကို အားကျ၍ ဖြစ်ပါသည်။"
"အကြင်သူတစ်ဦးသည် အစ္စလာမ်ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာမည်ဆိုပါက အစ္စလာမ်ဘာသာကို ကျွန်ုပ်ကဲ့သို့ပင် ချစ်ခင်လေးစားလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။"

Gmail များတွင် တွေ့သိနေရသော အစ္စလာမ့်ဆန့်ကျင်ရေး (၁)

Internet Email, Gmail များတွင် တွေ့သိနေရသော အစ္စလာမ့်ဆန့်ကျင်ရေးအတွက် အဓိပ္ပါယ်မဲ့စွာ ယိုးစွပ်တင်ပြချက်များ ကြောင့် မွတ်စလင်မ်လူငယ်များ မှားယွင်းစွာ သုံးသပ်၊ ဆုံးဖြတ်၊ မပြုလုပ်မိစေရန် တင်ပြအပ်ပါသည်။
ယင်းစွပ်စွဲစော်ကားမှုများသည်
(၁) အလ္လာဟ်အရှင်မြတ်အပေါ်၊
(၂) တမန်တော်မုဟမ္မဒ်(ဆွ)အပေါ်
(၃) အစ္စလာမ်နှင့်
(၄) မွတ်စလင်မ်ထုအပေါ်တွင်
ပြုလုပ်ထားကြခြင်းဖြစ်ရာ အလ္လာဟ်အရှင်ကို ဆဲဆိုထားသောစာသားများပါရှိနေသဖြင့် ထာဝရ ဘုရားကို ယုံကြည်မှုရှိသော
ခရစ်ယာန်နှင့် ဖန်ဆင်းရှင်ကို ယုံကြည်သော ဟိန္ဒူဘာသာဝင်များ ရေးသားချက်မဟုတ်နိုင်ကြောင်း သာမန်ကောက်ချက်ချမိနိုင်ပါသည်။
အမှန်ဆိုရသော် ဖန်ဆင်းရှင်ကို လက်မခံသော ဗုဒ္ဓဘာသာဝင်များလည်း မည်သည့်နည်းနှင့်မျှ မဖြစ်နိုင်ကြောင်း လွယ်ကူစွာပင် သိနိုင်ပါသည်။

အကြောင်းမှာ -
ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ငါးပါးသီလကို အထူးစောင့်ထိန်းရပါသည်။ ငါးပါးသီလထဲတွင် မုသားပြောခြင်းကို ရှောင်ကြည်ရခြင်း သည်လည်း တစ်ပါးအပါအ၀င်ဖြစ်ရာ "တမန်တော်မြတ်၌ ဇနီး အယောက် (၆၁)ယောက်ရှိသည်ဟု နာမည်များဖြင့် လုပ်ကြံရေး သားမှုများပါဝင်နေသဖြင့် " ငါးပါးသီလကို ကျိုးပေါက်ရာရောက်စေသဖြင့် စစ်မှန်သော ဗုဒ္ဓ၀ါဒီတစ်ဦးမှာ ထိုအမှုကို
ကျူးလွန်မည်မဟုတ်ပါ။ ကျန်စွပ်စွဲတင်ပြချက်များသည်လည်း မုသားဆင်ထားမှုများသာ ဖြစ်ပါသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မိမိကိုယ်၌ကလည်း ယဉ်ကျေးသိမ်မွေ့ပြီး၊ တစ်ပါးသူကိုလည်း လိမ္မာယဉ်ကျေးလာအောင် ပြုပြင်ပေးတတ်သော စိတ်ထားကို ထားတတ်ကြသည်မှာ ဗုဒ္ဓတရားတော်၏ အနှစ်သာရဖြစ်ပါသည်။
"သူတစ်ပါးကိုဆုံးမသောနည်းအတိုင်း မိမိကိုယ်တိုင်လိုက်နာပြုကျင့်ရာ၏။ မိမိကိုယ်တိုင် ယဉ်ကျေးပြီးသော်မှ သူတစ်ပါးကို ဆုံးမရာ၏။ မိမိကိုယ်ကို ယဉ်ကျေးအောင်ဆုံးမရခြင်းသည် ခဲယဉ်းလှစွာတကား" (ဓမ္မပဒ-၁၅၉)

မြန်မာ့ယဉ်ကျေးမှုနယ်ပယ်တွင် လူကြီးသူမတို့သည် မိမိတို့၏သားမြေးတို့အား ဆုံးမသွန်သင်လေ့ရှိသော စကားတစ်ခွန်း မှာ -

"အမိယုတ်က နှုတ်ကြမ်း၍ အဖယုတ်က အမူအယာကြမ်း၏" ဟူ၍ ဖြစ်ရာ မိယုတ်၊ ဖယုတ် တို့မှာ နှုတ်၊ အမူအယာကြမ်း သည်ဟု အဓိပ္ပါယ်သက်ရောက်ကာ မိမိမိုက်မဲမှုကြောင့် မိဘများ၏ ဂုဏ်သိက္ခာကို ထိပါးရာ ရောက်စေသဖြင့်
ဤအပြုအမူမျိုးကို ရှောင်ရှားတတ်သည်ဖြစ်ရကား ယခုကဲ့သို့ ယုတ်ညံ့သောစကားများကို ဆိုဝံ့သူတို့မှာ နိုင်ငံသားကောင်းတစ်ဦးလည်း မဖြစ်တန်ရာပေ။

ယင်းတို့၏ ရေးသားချက်များတွင် ဘာသာရေးရန်တိုက်ပေးခြင်း၊ လူမျိုးရေး မုန်းတီးစိတ်များဖြစ်စေရန် သွေးထိုးပေးခြင်း ဖြင့် ရှုတ်ထွေးမှုများ၊ မတည်ငြိမ်မှုများဖြစ်လာအောင် တိုက်ထွန်းထားပေရာ ဤသည်လည်း ဗုဒ္ဓဘာသာဝင်တစ်ဦး၏ ဂုဏ်သိက္ခာဖြင့် လုံးဝညီညွတ်ခြင်းမရှိကြောင်း တွေ့ရပြန်ပါသည်။

အစ္စလာမ် ပညတ်ချက်များ ၅

စားသောက်မှုဆိုင်ရာ အခြေခံသဘောတရား

သန့်ပြန့်သော စားသောက်ဖွယ်ရာများကို ရိုးသားသော နည်းဖြင့်ရှာဖွေ၍ စားသုံးနိုင်ပေသည်။ အဘယ့်ကြောင့်ဆိုသော် မသမာသော နည်းဖြင့် ရရှိသော စားသောက်ဖွယ်သည် စိတ်နှလုံးကို မိုက်မှောင်ဖုံးလွှမ်း၍ ခက်ထန်မာကျောစေ၏။ မပိုင်သော (ဟရာမ်) နည်းဖြင့် ရှာဖွေစားသုံး သူသည် ဂျန္နသ်ဝင်ရမည် မဟုတ်။ မပိုင်သော (ဟရာမ်) နည်းဖြင့် ရှာဖွေလျှင် ပြုသမျှ အေဗာဒတ်သ်ကို အရှင်မြတ် လက်ခံမည် မဟုတ်ပေ။ စွဟာဗာတို့သည် သံသယရှိသော အစာ၊ စားမိလျှင် ချက်ချင်း လက်ထိုး၍ အန်ပစ်ကြသည်။
စားသောက်မှုကို ရှရီအတ်သ်တရားတော်က သတ်မှတ်ပြဌာန်းသော နည်းစနစ်ဖြင့်သာ ရှာဖွေ စားသောက်ကြရပေမည်။ တားမြစ်ပိတ်ပင်သော နည်းလမ်းဖြင့် မစားသုံးရပေ။ ဥပမာ ငှက်ပျောသီး ဟလာလ် ပစ္စည်းပင် ဖြစ်စေကာမူ ခိုးယူ၍ မစားသုံးရ၊ ထိုသို့ စားသုံးခြင်း ဟရာမ်ဖြစ်၏။ ထိုနည်းတူ ရှာဖွေရာတွင်လည်း လိမ်လည်ပြီး မရှာဖွေရပေ။ အဘယ်ကြောင့်ဆိုသော် ထိုငွေဖြင့် ပစ္စည်းဝယ်ပြီး စားသောက်ရပေမည်။
ရှရီအတ်သ် တရားတော် အနေဖြင့် စားသုံးအပ်သော အရာ၊ မစားအပ်သော အရာ၊ ပြုပိုင်သော အရာ၊ မပြုပိုင်သော အရာတို့ကို ခွဲခြားပြထားပေသည်။ ဥပမာ (ဇဗာဟ်) လည်လှီးဖြတ်ခြင်း မပြုဘဲ အလိုအလျောက် သေသော တိရိစ္ဆာန်များ၊ တိရိစ္ဆာန်၏ သွေး စသည်တို့ မစားရဟု တားမြစ်၏။ တရားတော် အနေနှင့် တားမြစ်ထားခြင်းသည် အကြောင်းမဲ့မဟုတ်၊ ထိုအရာများကို စားသုံးခြင်းဖြင့် ၄င်းတို့၏ စရိုက်ဆိုး အကျင့်ဆိုးများ ရောဂါဆိုးများကို လူတို့ထံ အရှင်မြတ်က မရောက်စေချင်သော ကြောင့်ဖြစ်၏။ ဥပမာ- ၀က်သည် တစ်ကိုယ်လုံး မသန့်ဖြစ်၏။ မည်သည့် အစိတ်အပိုင်းမှ စားသုံးလို့ မရပေ။ ၀က်တွင် အဆိုးရှိ၏။ ရောဂါကူးစက်လွယ်၏။ ယုတ်မာ၍ ထိုအကျင့်မျိုး ရှိသော တိရိစ္ဆာန်၏ အကျင့်မျိုး ရောက်စေတတ်၏။ ခွေးသားစားလျှင် အမျိုးသားစိတ် ကင်းပြီး ကျွန်ခံချင်သော စိတ်ဓါတ်ဖြစ်လာ၍ အမျိုးတူညီနောင်သားချင်းများကိုပင် မနာလိုစိတ် ပေါ်ပေါက်စေတက်၏။
အရှင်မြတ်မှအပ အခြားပုဂ္ဂိုလ် တစ်ဦးဦးအမည် ရုပ်တုတစ်ခုခု၏ နှစ်မြို့မှု ရှိစေရန် တင်ထားသော အစားအသောက်များသည်လည်း စားမပိုင်ပေ။ ထိုနည်းတူ လူကိုဘေးဥပါဒ်ဖြစ်စေ၍ အသက်အန္တရာယ် ဖြစ်စေသော ဘိန်း၊ ဆေးခြောက်၊ အရက် စသည်တို့ ရှုရှိုက် စားသောက်ခွင့် မရှိပေ။ အရက်ကို အခြားအမည်တပ်၍ သောက်သော်လည်း ဟရာမ်ဖြစ်၏။
ဟရာမ်ဖြစ်စေသော အရာဟူသရွေ့ ဟလာဟ်မဖြစ်နိုင်၊ ဟလာဟ်သည် ဟရာမ်ဖြစ်နိုင်သည်။ ဥပမာ- ဤရေသည် အရက်ကဲ့သို့ဘဲဟု ပြောဆိုသောက်ခြင်း။


အစ္စလာမ် ပညတ်ချက်များ ၎

၁။ တစ်ဦးတစ်ယောက်၏ အိမ်သို့ ဧည့်သည်အဖြစ်သွားသောအခါ အိမ်ရှင်ထံမှ မည်သည့် သေးငယ်သော အရာကိုမျှ တောင်းဆိုခြင်း မပြုလေနှင့် အခါအားလျော်စွာ အရေးဆိုသော ကိစ္စသည် သာမာန်ဖြစ်သော်လည်း မဖြည့်စွမ်းနိုင်သော် ၄င်းအဖို့ မျက်နှာငယ်ရပေမည်။
၂။ လူနှစ်ဦး ထိုင်နေသော နေရာတွင် တံတွေးထွေးခြင်း နှာညှစ်ခြင်းများ မပြုရပေ။ မပြုမနေ အရေးပေါ်ခဲ့သော် ၄င်းအဖို့ ဘေးတစ်ဖက်သို့ သွား၍ စွန့်ပစ်ရပေမည်။
၃။ စားသောက်သည့် အခါ ရွံစရာကောင်းသော အရာများ၏ အမည်များကို ဖော်ပြခြင်း မပြုရ။ ထိုစကားများဖြင့် အချို့စိတ်နုနယ်သူများ ဒုက္ခရောက်စေသည်။
၎။ ဝေဒနာရှင်များနှင့် ၄င်း၏ အိမ်သူအိမ်သားများ၏ ရှေ့တွင် နှစ်သိမ့်ဖွယ်ရာ စကားမှအပ မျှော်လင့်ချက် ကင်းမဲ့သော စကားများကိုလည်း မပြောရ။
၅။ တစ်ဦးတစ်ယောက်နှင့် ပတ်သက်၍ တီးတိုးစကား တစ်စုံတစ်ရာကို (တရားတော်အရ ပြောပိုင်သည်လည်း ရှိသော်) ပြောဆိုရန် ရှိသော် ကြုံကြိုက်သဖြင့် ထိုနေရာတွင် ကာယကံရှင်လည်း ရောက်ရှိနေပါမူ ၄င်း၏ ရှေ့တွင် မျက်ခုံးမျက်စဖြင့် သော်လည်းကောင်း လက်ဟန်ခြေဟန်ဖြင့် သော်လည်းကောင်း မပြုလုပ်ရ။ ထိုသူအား ဒွိဟ သံသယဖြစ်စေမည်။ အထက်ပါ ကိစ္စသည် တရားတော်နှင့် ဆန့်ကျင်ဖက် ဖြစ်နေလျှင် အပြစ်ထိုက်မည်မှာ ပြောစရာ မရှိပေ။
၆။ ခန္ဓာကိုယ်နှင့် အ၀တ်အစားကို သန့်ရှင်းစင်ကြယ်စွာ ထားရမည်။
၇။ လူများထိုင်နေသော နေရာတွင် တံမြတ်စည်းမလှဲရ။
၈။ တစ်ဦးတစ်ယောက်၏ အိမ်၌ ဧည့်သည်အဖြစ် စားသုံးသောအခါ စားပွဲခင်း၌ နောက်ဆုံးတွင် ဟင်းအနည်းငယ်နှင့် မုန့်အနည်းငယ် ချန်ရစ်ခဲ့ပါလေ။ သို့မှသာလျှင် အိမ်ရှင်သည် အသင့်အား ၀တင်းသွားပြီဟု ယူဆနိုင်ပေမည်။
၉။ လူသွားရာလမ်းတွင် သစ်ကျိုး သစ်ပဲ့၊ အိုးစုတ်၊ ခွက်စုတ်၊ အုတ်ခဲ၊ ကျောက်ခဲ၊ အမှိုက် စသည်တို့ကို မစွန့်ပစ်ရ။
၁၀။ ကလေးသူငယ်အား ကြည်စား၍ မြှောက်ကစားခြင်းနှင့် ပြတင်းပေါက်မှ ကွယ်ကစားခြင်း မပြုရ။
၁၁။ တစ်ဦးတစ်ယောက် ဖုံးဝှက်ရန် တာဝန်ရှိသော နေရာ၌ အနာများ ရှိခဲ့သော် အဆိုပါသူအား အဘယ်နေရာတွင် ရှိပါသနည်းဟု မမေးမြန်းရ။
၁၂။ တစ်ဦးတစ်ယောက်အား တစ်စုံတစ်ရာ ပေးလိုခဲ့သော် လက်တွင်းသို့ အရောက်ပေးရမည်။ ပစ်ပေးပါ ဖမ်းလိုက်မည် (သို့မဟုတ်) ဖမ်းယူပါ ပစ်ပေးမည်ဟု အဝေးမှ လှမ်း၍ မပြောရ။
၁၃။ ရင်းနှီးမှု မရှိသူများနှင့် တွေ့ဆုံသောအခါ ၄င်း၏ အိမ်တွင်းရေးကို မမေးရ။
၁၄။ စားပွဲခင်းမှ ဟင်းလျာများ ကုန်သွားလျှင် စားနေသူ၏ ဟင်းပန်းကန်လုံးကို မယူရ။ လိုက်ပွဲဆင့်ယူရ၏။
၁၅။ တစ်ဦးတစ်ယောက်၏ မင်္ဂလာသတင်းနှင့် အမင်္ဂလာသတင်းကို ၄င်းဆွေမျိုးများနှင့် မိတ်ဆွေ သင်္ဂဟများကို မပြောရ။ ကလေးသူငယ်များ၏ ရှေ့တွင် ရှက်ဖွယ်လိလိ စကားများကို မပြောဆိုရ။

အစ္စလာမ် ပညတ်ချက်များ ၃

မိဘက သားသမီးအပေါ် ထားရှိရမည့် တာဝန်ဝတ္တရားများ

မိဘနှစ်ပါး၏ ၀တ္တရား သားသမီးအပေါ် ရှိသကဲ့သို့ မိဘနှစ်ပါးအပေါ်၌လည်း သာသမီးများ၏ ၀တ္တရားများ ရှိသည်။ ၄င်းတို့မှာ-

၁။ အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီးနှင့် ထိမ်းမြားလက်ထပ်ပေးရမည်။ သို့မှသာ ကောင်းမြတ်သည့် သားသမီး ရတနာ ထွန်းကားမည်ဖြစ်သည်။
၂။ ငယ်ရွယ်စဉ် ကာလတွင် ချစ်ခင်ယုယစွာဖြင့် မိမိ၏ သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရမည် ဖြစ်သည်။
သားသမီးများကို ချစ်ခင်ယုယ ခြင်းနှင့် ပတ်သက်၍ ထူးမြတ်မှုများလည်း လာရှိထားပေ၏။ အထူးသဖြင့် သမီး မိန်းကလေးများဖြင့် စိတ်မညစ်ရပေ။ ၄င်းတို့အား ကျွေးမွေးခြင်းဖြင့် အထူးထွတ်မြတ်မှုများ လာရှိပေသည်။ အကယ်၍ နို့ထိန်းသည်ထံ အပ်၍ နို့တိုက်ခိုင်းမည် ဆိုပါက အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဘာသာရေး လေးစားသည့် နို့ထိန်းသည်ကို ရှာဖွေရမည်။ အဘယ်ကြောင့်ဆိုသော် မိခင်၏ အကျင့်စာရိတ္တ အစရှိသည်တို့သည် ကလေးအား သက်ရောက်စေသည်။
၃။ မိမိတို့၏ သားသမီးများအား သာသနာ့ ပညာများကို သင်ကြားပေးရမည်။
၎။ (နေကာဟ်) ထိမ်းမြားရန် အချိန်တန်လာသောအခါ ၄င်းတို့အား ထိမ်းမြားခြင်း ပြုလုပ်ပေးရမည်။ အကယ်၍ သမီးမိန်းကလေး၏ ခင်ပွန်းသေဆုံးပါကလည်း ဒုတိယနေကာဟ် (နောက်ထပ်) ပြုလုပ်မည့်အထိ မိမိ၏ အိမ်တွင် ကောင်းမွန်စွာ ထားရမည်။ ၄င်းအတွက် လိုအပ်သလောက် သုံးစွဲရန်ပေးရမည်။

အစ္စလာမ် ပညတ်ချက်များ ၂

စားသောက်ခြင်း၏ ရိုသေမှု

၁။ မစားမီအလျင်နှင့် စားသောက်ပြီး လက်ဆေးရမည်။ နှုတ်လည်း ကျင်းရမည်။
၂။ “ဗစ္စမိလ္လာဟိ ၀အလာ-ဗရ်ကသိလ္လာဟ်” ဟုဆို၍ ထမင်းစားရမည်။ (အဓိပ္ပါယ်- ကျွန်တော်မျိုးသည် အလ္လာဟ် အရှင်မြတ်၏ နာမတော်နှင့် လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်တော်နှင့် လည်းကောင်း အစပြု၍ စားသုံးပါ၏။)
၃။ “ဒတ်စ်တရ်ခါန်” အခင်းခင်း၍ စားရမည်။
၎။ လကျာ်လက်ဖြင့် မိမိရှေ့တွင် ရှိသော ပန်းကန်မှ ယူ၍ စားရမည်။
၅။ ပန်းကန်၏ အလည်တည့်တည့်၍ လက်မနှိုက်ရ။ အဘယ့်ကြောင့်ဆိုသော် ပန်းကန်အလယ်၌ ဗရ်ကသ်တော်များ ကျရောက်ပေသည်။
၆။ အလွန်ပူပြင်းသော ထမင်း၊ ဟင်းကို မစားလေနှင့်။
၇။ လက်၌ လူးပေနေသည်ကို ဆေးမပြစ်ရ။ ပထမ လက်ချောင်းများကို ယက်ရမည်။ပြီးနောက်မှ ဆေးကြောရမည်။ မည်သည့်နေရာ၌ ဗရ်ကသ်ရှိနေသည်ကို အသင်တို့ မသိကြကုန်ဟု ဟဒီးစ်တော် တစ်ပါးတွင် လာရှိပေသည်။
၈။ ပန်းကန်ကို သန့်ရှင်းအောင် ဆေးကြောရမည်။ ရှိုင်တွာန်အတွက် မထားခဲ့ရ။ သင့်အား ဂျဟန္နမ်မှ လွတ်ကင်းစေရန် ပန်းကန်က ဒိုအာပြုလေသည်။
၉။ စားသောက်ဖွယ်ရာများကို အပြစ်မဆိုရ။ စိတ်အလိုရှိက စားပြီး စိတ်အလိုမရှိက မစားဘဲနေရမည်။
၁၀။ မုန့်စားသောအခါ လက်သုံးချောင်းဖြင့်သာ စားရမည်။
၁၁။ အားလုံးရောနှော၍ စားရမည်။ တသီးတခြားစီ မစားရ။
၁၂။ ထမင်းစားပြီးသောအခါ “အလ်ဟမ်ဒိုလိလ္လာဟစ်လဇိ အတ်တွအာမာနာ ၀စာကားနာ ၀ဂျာအလနာ မိနလ် မွတ်စလေမီးန်” ဟု ဆိုရမည်။ (အဓိပါယ် ချီးမွမ်းထောပနာပြုခြင်း အပေါင်းတို့သည် အလ္လာဟ်အရှင်အတွက် သာလျှင်တည်း။ ထိုအရှင်သာလျှင် ကျွန်ုပ်တို့အား အစာရေစာ တိုက်ကျွေးတော်မူပြီး ကျွန်ုပ်တို့အား မွတ်စ်လင်မ် အဖြစ် ပြုပေးတော်မူပေသည်။)
၁၃။ ရေ (သို့မဟုတ်) နို့သောက်လျှင် ဦးစွာ “ဗစ္စမိလ္လာဟ်” ဆိုရမည်။
၁၄။ အကယ်၍ ပန်းကန်ခွက်သည် ကွဲအက်နေသော် ထိုကွဲအက်သော နေရာမှ မသောက်လေနှင့်။
၁၅။ ကုလားအုတ်ကဲ့သို့ အသက်တစ်ရူတည်း မသောက်လေနှင့်။ ခွက်ကို ပါးစပ်တပ်လျှက် အသက်မရှုရ။ ခွက်ထဲကိုလည်း မမှုတ်လေနှင့်။

အစ္စလာမ် ပညတ်ချက်များ ၁


ဝတ်စားဆင်ယင်ခြင်းအကြောင်း

မွတ်စလင်တို့သည် ၀တ်စားဆင်ယင်မှုများနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်၏။

၁။ အမျိုးသားများသည် ချက်မှ ဒူးထိ လုံခြုံစေရမည်။
၂။ အမျိုးသမီးများသည် မျက်နှာ၊ လက်ဖ၀ါး၊ ခြေဖ၀ါးမှအပ ကျန်အစိတ်အပိုင်း၏ ပုံသဏ္ဍာန်များ မပေါ်အောင် လုံခြုံစွာ ရှိရမည်။
၃။ အမျိုးသားများသည် ပိုးထည်၊ ရွှေထည်များကို မ၀တ်ဆင်ရ။
၎။ အမျိုးသမီးတို့သည် ရွှေ၊ ငွေ၊ ဘယက်တန်ဆာများကို သူစိမ်းတစ်ရံစာ အမျိုးသားများ မြင်အောင် ဖော်မ၀တ်ရ (အ၀တ်အတွင်းမှာသာ ၀တ်ရမည်။)
၅။ အမျိုးသမီးများ အနေဖြင့် အ၀တ်အတွင်းမှပင် ဖြစ်သော်လည်း အသံမြည်စေသော ရွှေ၊ ငွေ၊ ဘယက်တန်ဆာများကို မ၀တ်ဆင်ရ။
၆။ ခင်ပွန်းသည် (လင်ယောက်ျား) ရှိသော အမျိုးသမီးများသည် အိမ်အတူနေသူ အမိ၊ အစ်မ၊ ညီမ စသည့် အမျိုးသမီးတို့နှင့် အ၀တ်ဆင်တူ မ၀တ်ဆင်ရ။ အနံ့တူရေမွှေး မသုံးစွဲရပေ။
၇။ အမျိုးသမီးများ အနေနှင့် မိမိအိမ်မှ ပြင်ပသို့ သွားလျှင် အနံ့ထွက်သော အမွှေးအကြိုင်များ မသုတ်လိမ်းရ။
၈။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ လည်းကောင်း အမျိုးသားများသည် အမျိုးသမီးများ ကဲ့သို့ လည်းကောင်း ၀တ်စားဆင်ယင်မှု ပြုခဲ့သည်ရှိသော် အလ္လာဟ် ရစူလ် တို့၏ လအ်နတ်ကို ခံရမည် ဖြစ်သည်။
စာရိတ္တကောင်းနှင့် ဂုဏ်ရည်မွန် အစ္စလာမ်သာသနာတော်၌ ကောင်းမြတ်သော အကျင့်စာရိတ္တ၏ အရေးကြီးပုံနှင့် ထူးမြတ်ပုံများကို ကောင်းစွာ ဖော်ပြထား၏။ ရစူလ် ကိုယ်တော်မြတ်၏ အချို့သော ဟဒီးစ်တော် တစ်ပါးတွင် “အသင်တို့ အနက် အကျင့် စာရိတ္တ အကောင်းဆုံးသူသည်သာလျှင် အမွန်မြတ်ဆုံးသောသူ ဖြစ်သည်။” ဟု ရစူလ်ကိုယ်တော်မြတ် (ဆွ) မိန့်ကြားခဲ့သည်။
အခြားဟဒီးစ်တော် တစ်ပါးတွင် “ကေယာမတ်သ်” နေ့၌ ချိန်ခွင်ထဲတွင် အချိန်အစီးဆုံး ဖြစ်မည့်အရာမှာ ကောင်းမြတ်သော အကျင့်စာရိတ္တပင် ဖြစ်ချေအံ့ဟု ကိုယ်တော်မြတ် (ဆွ) မိန့်ကြားလေသည်။
နဗီတမန်တော်မြတ်က ကောင်းမြတ်သော အကျင့်စာရိတ္တများ၏ ထူးမြတ်မှုအကြောင်းများကို ဖော်ပြ ဟောကြားတော်မူ သကဲ့သို့ အကျင့်ဆိုးများ၏ ဆိုးယုတ်မှုများ အကြောင်းကိုလည်း ဟောကြားတော် မူခဲ့လေသည်။
အလ္လာဟ်အရှင်မြတ်ထံတွင် ယုတ်ညံ့သော စာရိတ္တထက် ဆိုးဝါးသော ပြစ်မှုကား မရှိတော့ချေဟု ကိုယ်တော်မြတ် (ဆွ) မိန့်ကြားတော် မူခဲ့လေသည်။