"သူတော်ကောင်းသည် သူနှစ်ယောက်တို့၏ညီညွတ်မှုကို ဖျက်စီးတတ်သော ကုန်းတိုက် စကားပြောခြင်းကို ရှောင်ကြဉ်၏။ စိတ်ဝမ်းကွဲသောသူတို့ကို စေ့စပ်၏။ ညီညွတ်ပြီးသောသူတို့ကို အမြဲညီညွတ်အောင် ကူညီ၏။ ပြောဆို၏။"
(မဇ္ဈိမနိကာယ်၊ ဆဗ္ဗိသောဓနသုတ်)။
သို့ရှိရာ မွတ်စလင်မ်လူငယ်တို့သည် Internet Email, Gmail များတွင်တွေ့နေရသော အစ္စလာမ်ဆန့်ကျင်ရေး၊ မွတ်စလင်မ်မုန်းတီး ရေး၊ ၀ါဒဖြန့်စာသားများကို ရေးသားတင်ပြနေသူမှာ ဗုဒ္ဓဘာသာဝင်ဖြစ်ရမည်ဟု တွေးမထင်ကောင်းပါ။ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် ထိုသို့သော အောက်တန်းကျသည့် အမှုအား ဘယ်နည်းဖြင့်မျှ မပြုလုပ်နိုင်ပါ။ ထိုသို့ အသိမရှိဘဲနှင့်
အထင်မှားမိပါက မိမိ၌ပင် အပြစ်ဖြစ်စေနိုင်ပါသည်။
"အို-ယုံကြည်သူအပေါင်းတို့၊ အသင်တို့သည် များစွာသောထင်မြင်ယူဆချက်များမှရှောင် ကြဉ်ကြလေကုန်။ ဧကန်အမှန် အချို့သော ထင်မြင်ယူဆချက်များမှာ အပြစ်ပင်ဖြစ်ပေသည်။" (ကုရ်အာန် ၄၉း၁၂)
(၁) အစ္စလာမ်တွင် စစ်ပွဲများကို ခွင့်ပြုထားရခြင်း မက္ကာဟ်သားမုရှရီက်တို့၏ စော်ကားမှု၊ အနိုင်ကျင့်မှု၊ ဖိနှိပ်မှုများကို
တမန်တော်မုဟမ္မဒ် (ဆွ)ကို လက်ခံခဲ့ကြသော သူတို့မှာ ဒလစပ်ခံခဲ့ကြရပြီး၊ အလ္လာဟ်ဘက်မှ ပြန်လည်တုံ့ပြန်၍ အခွင့်အရေးမပေးသေးသဖြင့် နင်းပြားဘ၀သို့ ရောက်ခဲ့ရပုံမှာ ကမ္ဘာ့သမိုင်းပညာရှင်တို့အတွက် ကရုဏာသက်ဖွယ်တစ်ရပ်အဖြစ်
မှတ်တမ်းဝင်ခဲ့ရပါသည်။ အလ္လာဟ်အရှင်၏ ရည်ရွယ်ချက်မှာ အစ္စလာမ်သည် မွန်မြတ်မှန်ကန်သော လမ်းစဉ်အယူဝါဒဖြစ်ကြောင်းကို လက်တွေ့ပြသရန် ရည်ရွယ်သည်ဖြစ်ရကား အစတွင် မေတ္တာတရားကို ကိုယ်ထင်ပြဖို့ ငုံ့ခံခိုင်းခဲ့ပါသည်။ ပြီးနောက်မှ သစ္စာတရားကို ခိုဝင်ကြဖို့ တုံ့ပြန်ခိုင်းပါသည်။
အစ္စလာမ်သာသနာတွင် စစ်ပွဲဆင်နွှဲရန် ခွင့်ပြုထားသော်လည်း သဘာဝကျသော သာသနာ၊ လက်တွေ့ဆန်သော သာသနာ၊ လွယ်ကူရိုးရှင်းသော သာသနာ၊ တရားမျှတကို မျက်ခြေအပြတ်မခံသောသာသနာ၊ မေတ္တာတရားကို အပျိုရည်မပျက်စေသော သာသနာ၊ အမှန်တရားနှင့်ယှဉ်သော သာသနာ ဖြစ်သည့် အားလျော်စွာ စည်းကမ်းချက်များကို တင်းကြပ်စွာချမှတ်ထားပါသည်။
"လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ကြလေကုန်။" (ကုရ်အာန် ၂း၁၉၁)
အစ္စလာမ်တွင် ခုခံစစ် သက်သက်ကိုသာ ခွင့်ပြုထားပြီး၊ ကျူးကျော်စစ်ဟူသမျှကို အားမပေးပါ။ မထောက်ခံပါ။ မပြုခိုင်းပါ။
ဤသို့ တရားသော ခုခံစစ်၊ ပြန်တိုက်ခွင့်ကို ခွင့်ပြုခဲ့သည့် အချိန်မှာ ဟစ်ဂျရီ (၂)ခုနှစ်၊ ဆွဖရ်လ ၁၂ ရက်နေ့တွင် ဖြစ်ရာ တမန်တော်သက်တော် (၅၅)နှစ်ရောက်မှသာ ဖြစ်ပါသည် တနည်းဆိုသော် မွတ်စလင်မ်တို့သည် ၁၅နှစ်လုံးလုံး အနိုင်ကျင့်ခံ ဘ၀ဖြင့် နေထိုင်ခဲ့ကြရပါသည်။
"အလ္လာဟ့်လမ်း၌ အသင်တို့ကို တိုက်ခိုက်လာသူတို့အား တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် အသင် တို့သည် စည်းဖောက်သူများ မဖြစ်ကြကုန်လင့်။ အလ္လာဟ်အရှင်မြတ်သည် စည်းကမ်း၊ ဖောက်ဖျက်သူတို့အား နှစ်သက်တော်မမူပေ။ လာရောက်တိုက်ခိုက်သူတို့အား တွေ့ရှိရာအရပ်၌ သုတ်သင်ကြလေကုန်။ အသင်တို့ကို နှင်ထုတ်ခဲ့ကြသော နေရာမှ အသင်တို့ကလည်း ပြန်လည် နှင်ထုတ်ကြလေကုန်။ ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ပို၍ဆိုးရွားလှ ပေသည်"
ကုရ်အာန် (၂း၁၉၀-၁၉၁)
- အလွန်ရိုးစင်းလှသော စည်းကမ်းလမ်းညွှန်ပင် -
(က) အလ္လာဟ့်လမ်း၌ လာရောက်တိုက်ခိုက်သူတို့အား ပြန်တိုက်ရန်
(ခ) စည်းမကျူးကြရန်
(ဂ) ကျူးကျော်သူကို တွေ့ရာအရပ်၌ နှိမ်နှင်းရန်
(ဃ) မိမိတို့ ပိုင်ဆိုင်သောနေရာမှာ ပြန်လည်နှင်ထုတ်ရန်ဟုသာ
ဆက်တိုက်ပြောထားရာ
(၁) မိမိအိမ်၌ မိမိနေသော (၂) မိမိအလုပ်မိမိလုပ်နေသော (၃) မိမိနေရာ၌ မိမိရှိနေသော (၄) မွတ်စလင်မ်တို့အား မကျူးကျော်သော၊ မစော်ကားသော သူတို့အား ဘာတစ်ခုမျှ ပြုလုပ်ရန် ညွှန်ကြားထားချက် မရှိပါ။ မပါပါ။
အစ္စလာမ်တွင် ခုခံစစ်ကို ခွင့်ပြုရခြင်း၏ ရည်ရွယ်ချက်မှာ
"ညှင်းပမ်းမှုလုံးဝ ပပျောက်သွားသည့်အထိ၊ သာသနာသည် အလ္လာဟ့်အတွက် ဖြစ်သည့်တိုင် ပြိုင်ဆိုင် တိုက်ခိုက်ကြလေကုန်။ သို့ရာတွင် ထိုသူတို့သည် စစ်တိုက်ခြင်းကို ရပ်စဲကြပါလျှင် ညှင်းပမ်းနှိပ်စက်သူတို့မှတစ်ပါး အခြားသူများကို ရန်လိုစရာ အကြောင်းမရှိပေ။" (ကုရ်အာန် ၂း၁၉၃)
"သာသနာရေး၌ အဓမ္မ စနစ် မရှိစေရ။" (ကုရ်အာန် ၂း၂၅၆)
သို့ရှိပေရာ အစ္စလာမ်တွင် စစ်တိုက်ခွင့်ရှိသည်ဟု ဆိုရာ၌ -
(က) တရားသောခုခံစစ်သာ ဖြစ်ရပေမည်။
(ခ) ကျူးကျော်စစ် လုံးဝမဖြစ်စေရ။
(ဂ) စည်းကမ်းမဖောက်ရ။
(ဃ) ညှင်းပမ်းနှိပ်စက်မှု မရှိစေရ
(င) စစ်ပြေငြိမ်းပါက ရန်မလိုရ ဟူသောအချက်များနှင့်အညီသာ ပြုခွင့်ပေးထားခြင်းသာ ဖြစ်ပါသည်။
အစ္စလာမ်သည် ဘာသာအယူဝါဒ မတူသူများနှင့် ငြိမ်းချမ်းစွာ အတူနေထိုင်ခွင့်ရှိသည်။
" အို လူသားအပေါင်းတို့၊ ငါအရှင်သည် အသင်တို့အား တစ်မိတစ်ဖတည်းမှ ဖန်ဆင်း ပြုလုပ်တော်မူခဲ့သည်။" (ကုရ်အာန် ၄၉း၁၃)
ဤအာယသ်တော်သည် လူသားအပေါင်းတို့သည် ကမ္ဘာအိမ်ထောင်စုကြီးဖြစ်သည်ဟု ဖော်ညွှန်းထားခြင်းဖြစ်သည်။ အစ္စလာမ်က ဤအတိုင်းပင်ခံယူထားပါသည်။
"အသင်တို့အား ဘာသာရေး၌ မတိုက်ခိုက်သူများ၊ အသင်တို့အား အိမ်များမှ မနှင်ထုတ်သူများအား ကောင်းကျိုးပြုပေး ခြင်းနှင့်
တရားမျှတစွာဆက်ဆံခြင်းကို ငါအရှင်မြတ်က မတားမြစ်ပါ။" (ကုရ်အာန် ၆၀း၈)
"အသင်တို့သည် လူသားထုတစ်ရပ်လုံးအတွက် အကောင်းဆုံးပေါ်ထွက်လာသူများပင်။" (ကုရ်အာန် ၃း၁၁၀)
"ထို မယုံကြည်သူတို့အား ခွင့်လွှတ်ပါ။ ငြိမ်းချမ်းရေးပြောပါ။ သူတို့သည် မကြာမီ သိလာကြမှာပါ။" (ကုရ်အာန် ၄၃း၈၉)
"မွတ်စလင်မ်ဟူသည် လူသားတို့အားသူ၏ နှုတ်ဖြင့်လည်းကောင်း၊ သူ၏ လက်ဖြင့်လည်းကောင်း ငြိမ်းချမ်းရာရစေကြောင်း ဖန်တီးပေးသူသာဖြစ်၏" (တမန်တော်မြတ် ၏နောက်ဆုံး ဟဂ်ျမိန့်ခွန်း)
အစ္စလာမ်ကပြဆိုသော အိမ်ထောင်ရေး
ကမ္ဘာပေါ်တွင်ရှိသော ဘာသာသာသနာအသီးသီးသည် ကြည်ညိုလေးစားဖွယ်ရာ အပေါင်းနှင့်ပြည့်နှက်နေပါသည်။ ကိစ္စရပ်များအတွက်လည်း စည်းကမ်းနည်းလမ်းများ ချမှတ်သွန်သင်ထားပါသည်။ အိမ်ထောင်ရေးကိစ္စနှင့်ပတ်သက်၍ ညွှန်ကြား ပြသရာ၌ အစ္စလာမ်သည် အပြည့်စုံဆုံးဟု ဆိုရပေမည်။
မည်သည့်အယူဝါဒကမျှ အမျိုးသားသည် ဇနီးမယားဘယ်နှစ်ဦးယူခွင့်ရှိသည်ကို တိတိပပ ပြောဆိုထားခြင်းကို မတွေ့ရပေ။ ယဉ်ကျေးမှုဓလေ့ထုံးထမ်းအရသာ အိမ်ထောင်သားမွေးပြုကြပြီး တစ်လင်တစ်မယားစနစ်ကို အများအားဖြင့် ကျင့်သုံးနေကြပါသည်။
အစ္စလာမ်သည် သဘာဝကျသော သာသနာဖြစ်သည့်အားလျှော်စွာ အမျိုးသားတစ်ဦးအား ဇနီးတစ်ယောက်သာ ယူရမည်ဟု ပြောမထားပါ။ ဤသို့သတ်မှတ်ထားပါက အချို့သော သူများအတွက် ပြဿနာများပေါ်ပေါက်လာနိုင်ပါသည်။ သို့သော်
တစ်လင်တစ်မယားစနစ်သည်သာ အကောင်းဆုံးဖြစ်ကြောင်းကိုတော့ ပီပြင်စွာတင်ပြထားသည့်တစ်ခုတည်းသော သာသနာဖြစ်ပါသည်။
အသင်တို့သည် ခိုကိုးရမဲ့ မိဘမဲ့ကလေးများနှင့်ပတ်သက်၍ တရားမျှတမှုအတွက် စိုးရိမ် မကင်းဖြစ်ပါမူ အမျိုးသမီး တစ်ဦး (သို့မဟုတ်) အသင်တို့လက်ယာလက်ကပိုင်ဆိုင်သော ကျွန်မ တစ်ဦးနှင့်ပင် လက်ထပ်ရပေမည်။ (ကုရ်အာန် ၄း၃) ဤအာယသ်တော်အား ခွဲခြမ်းစိစစ်သော်-
(က) မိဘမဲ့ ကလေးများကို စာနာသနားမှု (ခ) တရားမျှတမှုကိုရှေ့တန်းတင်ခြင်း (ဂ) တစ်ဦးတည်းယူရန် အသားပေးခြင်း (ဃ) ကျေးကျွန်ကို ဂုဏ်ပေးကာ သူကောင်းပြုစေမှုတို့ပါဝင်နေသည်မှာ ထင်ရှားနေပါသည်။
တမန်တော် မုဟမ္မဒ် (ဆွ) ခေတ်အချိန်၌ ကျွန်ပိုင်ရှင်စနစ်ထွန်းကားနေပြီး ကျွန်လူတန်းစားတို့ခမျာမှာလည်း အနှိမ်ခံ၊ အနိုင်ကျင့်ခံ ဘ၀မျိုးဖြင့် အဆင့်အတန်းနိမ့်ကျကာ လူဖြစ်ကျိုးမနပ်ဖြစ်နေကြရရှာပေသည်။ သို့ရှိရာ အစ္စလာမ်သည် လူလူချင်း တစ်ဘက်သတ်အနိုင်ကျင့်မှုကို လက်မခံ၊ အားမပေးသော သာသနာဖြစ်သည့် အားလျှော်စွာ ကျွန်စနစ်ပပျောက်ရေးကို လက်တွေ့
အကောင်အထည်ဖော်ကာ ရှေ့တန်းက ရပ်တည်ဆောင်ရွက်ခဲ့ပါသည်။
သည့်အတွက်ကြောင့်ပင် အစ္စလာမ့်မဏ္ဍိုင်ကြီး (၅) ရပ်အနက်မှ တစ်ရပ်အပါအ၀င်ဖြစ်သော ဇကားသ်(သန့်စင်ဒါန) ငွေကြေးကို ပေးသည့်အခါ၌ " ကျွန်ဘ၀မှ လွတ်မြောက်စေရန်" အတွက်ပါပေးကြရန် မိန့်ကြားထားပါသည်။ (ကုရ်အာန် ၉း၆၀)။
ထို့ပြင် ဂျန္နသ်သို့ စံမြန်းရမည့်သူတော်ကောင်းတို့၏ အရည်အချင်းကိုဖော်ကျူးရာတွင်လည်း -
"ကျွန်တစ်ဦးကိုလွတ်မြောက်စေမှု"သည်လည်း တစ်ရပ်အပါအ၀င်ဖြစ်နေပြန်ပါသည်။}} (ကုရ်အာန် ၉၀း၁၃)
အစ္စလာမ်သည် ကျွန်လူတန်းစားကိုသနားကြင်နာခိုင်းပါသည်။ ကယ်တင်ခိုင်းပါသည်။ ကောင်းမွန်ရာကိုပြုစေပါသည်။
"ကြင်ဖော်မရှိသော ယောက်ျား-မိန်းမတို့အားလည်းကောင်း၊ ကောင်းသော ကျွန်-ကျွန်မများကိုလည်းကောင်း ထိမ်းမြားပေး ကြပါလေ။" (ကုရ်အာန် ၂၄း၃၂)
အစ္စလာမ်သည် ဘာသာခြားအမျိုးသမီးများကိုယူ၍ သာသနာမပြုခိုင်းပါ။ "ယုံကြည်သူ မုရှ်ရီက်ထက်စာလျှင် ယုံကြည်သူ ကျွန်မက
ပို၍ကောင်းမြတ်လှပေသည်။" (ကုရ်အာန် ၂း၂၂၁)
ဟစ်ဂျရီ ၂ ခုနှစ် ၊ ဆွဖရ်လ (၁၂)ရက်နေ့၌ စော်ကားကျူးကျော်သူတို့အား ပြန်လည်ခုခံပိုင်ခွင့် ရရှိသွားသဖြင့် အများ ငြိမ်းချမ်းအတွက် မဖြစ်မနေစစ်ပွဲများကို မလွှဲမရှောင်သာဆင်နွှဲခဲ့ကြရလေရာ ခုခံစစ်ပွဲများ၌ ကျဆုံးသွားသော ရှဟီဒီ အာဇာနည်များ၏ ဇနီးမယားများမှာ မုဆိုးမဘ၀သို့ ဆိုက်ရောက်သွားခဲ့ရပါသည်။ ဤသို့စစ်ပွဲများ ဖြစ်ပွားပြီးတိုင်း မုဆိုးမ
အရေအတွက်တိုးလာရာ သူမတို့၏ဘ၀ လုံခြုံရေးအတွက်နှင့် အဖမဲ့ကလေးများ၏ ရပ်တည်ရှင်သန်ရေးတို့အတွက် အကာအကွယ် ပေးရန်နှင့် နွေးထွေးသောမေတ္တာပေးရန် လိုအပ်လာပါသည်။ ထို့အတွက်ကြောင့် တမန်တော် မုဟမ္မဒ် (ဆွ)က မိမိ၏
နောက်လိုက် ဆွဟာဗဟ်တို့ကို မုဆိုးမများကို တရားဝင်ထိမ်းမြားယူကြပါရန် မိန့်ကြားရာတွင် ဆွဟာဗဟ်များကလည်း မန်တော်၏အဆိုအမိန့် ကို နာခံကြပါသည်။
ဤနေရာ၌ သိထားအပ်သည်မှာ -
မဒီနာရှိ အန်ဆွာရီ ဆွဟာဗဟ်တို့သည် မိမိတို့၏ ဥစ္စာပစ္စည်းများအား မရှိရှာသော ဆွဟာဗဟ်များကို မိမိတို့၏ ပိုင်ဆိုင်မှုအနက်မှ ၅၀ရာခိုင်နှုန်းကိုပင် ပေးဝံ့သူများ၊ ပေးခဲ့ကြသူများ ဖြစ်ကြသကဲ့သို့ မက္ကာမှ မုဟာဂျီရီးန်ဆွဟာဗဟ်တို့သည်လည်း မိမိတို့ပိုင်ဆိုင်သော ဥစ္စာပစ္စည်းများ၊ အိုးအိမ်များအားလုံးကိုပင် စွန့်ဝံ့သူ များဖြစ်ကြရာ သူတို့၏ နှလုံးသားစိတ်အစဉ်တွင် စွန့်လွတ်အနစ်နာခံလိုစိတ်များဖြင့်သာ ထုံမွန်းနေသူများဖြစ်ကြောင်း နားလည်ရ ပါမည်။ အမျိုးသမီးများကို တစ်ဦးထက်မက လက်ထက်ခဲ့ကြခြင်းမှာ အကာအကွယ်ပေးလိုမှုကြောင့်သာ ဖြစ်ပါသည်။
ကာမဂုဏ် လိုက်စားဖို့အတွက် တဏှာကျူးလွန်ရန် စိတ်ကူးမရှိပါ။ ဤသည်ကို အလ္လာဟ်ကလည်း ပြင်းထန်စွာ သတိပေးထားပါသည်။
"မိမိတို့၏ ဥစ္စာပစ္စည်းများဖြင့် ကာမဂုဏ်လိုက်စားသူများအဖြစ်နှင့်မဟုတ်ဘဲ၊ ထိန်းသိမ်း စောင့်ရှောက်သူများအဖြစ်နှင့်သာ ထိမ်းမြားကြလေကုန်။" (ကုရ်အာန် ၄း၂၄)
အစ္စလာမ်သာသနာ၏ သင်ကြားချက်၌ မိမိမလုပ်သောအလုပ်ကို သူတစ်ပါးအား လုပ်ခိုင်းခြင်းကို အလွန်စက်ဆုပ်ဖွယ်ရာ အဖြစ် မှတ်ယူပါသည်။
"အသင်တို့ မပြုလုပ်သောကိစ္စကို အဘယ်အတွက်ကြောင့် ပြောဆိုနေကြပါသနည်း။ အလ္လာဟ့်ထံတွင် အသင်တို့ မပြုလုပ်သော ကိစ္စကို ပြောဆိုခြင်းသည် အလွန်ပင်ရွံ့စရာကောင်းလှ ပေသည်။"(ကုရ်အာန်၆၁း၂-၃)
ထို့ကြောင့် တမန်တော်မြတ် (ဆွ)သည် ဆွဟာဗဟ်များကို မုဆိုးမများကို စောင့်ရှောက်ရန် သင်ကြားရာ၌ မိမိကိုယ်တိုင် လည်း
လက်တွေ့စံပြပြုကျင့်ခဲ့ပါသည်။ သည့်အတွက်ကြောင့်လည်း တမန်တော်မြတ်၏ဇနီး(၁၁)ပါးတွင် အာအိရှာသခင်မသာလျှင် အပျိုဖြစ်ကာ ကျန် (၁၀)ယောက်မှာ မုဆိုးမများသာ ဖြစ်ခဲ့ကြပါသည်။
အာအိရှာသခင်မနှင့် ပတ်သက်၍ ယိုးစွတ်ချက်တစ်ခုမှာ တမန်တော်မြတ်(ဆွ)သည် သခင်မအား အရွယ်မရောက်သေးခင် ထိမ်းမြားခဲ့သည်ဟူ၍ ဖြစ်ပါသည်။ ဤသည် ယုတ္တိကင်းသော စွပ်စွဲချက်တစ်ခုသာ ဖြစ်ပါသည်။ အစ္စလာမ်၏ သင်ကြားချက်၌
(က) အရွယ်မရောက်သေးသောသူကို ထိမ်းမြားလက်ထက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၆)
(ခ) အမွေတစ်ရပ်အနေဖြင့်လည်း အဓမ္မသိမ်းပိုက်ခွင့်မရှိပါ။ (ကုရ်အာန် ၄း၁၉)
အစ္စလာမ်ကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်မှုများရှိစဉ်အခါသမယ၌ တမန်တော်ကိုယ်တိုင်က ကုရ်အာန်နှင့် ဆန့်ကျင်သော အမှုများကို ပြုခဲ့သည်ဟု ဆိုပါလျှင် -
(၁) အစ္စလာမ်ကို မလိုလားသည့်မက္ကာသား မုရှရီက်တို့၏ တွံတွေးခွက်၌ ပက်လက်မျောရမည့်အဖြစ်ပင်။
(၂) နောက်လိုက်တို့၏ စိတ်ကူးတွင်လည်း သူကိုယ်၌က မလိုက်နာသော မလုပ်နိုင်သော ကိစ္စအား မိမိတို့ကို ခိုင်းစေသဖြင့် အလ္လာဟ်ရွံသောသူအဖြစ် ရှုမြင်သွားကာ အားလုံးက တမန်တော်အပါးမှ ဆုတ်ခွာသွားကြမည်မှာ ဧကန်ပင်။
(၃) တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ အတူရောနှောနေကြသော "မုနာဖိက်" အယောင်ဆောင်မွတ်စလင်မ်များအဖို့မူ တမန်တော်နှင့် ဆွဟာဗဟ်များအကြား၌ ဤကိစ္စကိုအကြောင်းပြု၍ သွေးခွဲရန်လည်း မဟာအခွင့်အရေးတစ်ရပ်ပင် မဟုတ်ပါလား။
သို့သော် -
(က) မက္ကာသား မုရှရီက်တို့၏ လက်ညှိုးထိုးကဲ့ရဲ့ခြင်းကို တမန်တော်မြတ်မခံခဲ့ရခြင်း
(ခ) ဆွဟာဗဟ်တို့၏ အကြည်ညိုပျက်ခြင်းကိုလည်း မခံခဲ့ရခြင်း (အာအိရှာသခင်မ၏ ဖခင်ကြီးအပါအ၀င်)
(ဂ) မုနာဖိက်တို့အတွက် သွေးခွဲစရာ၊ ၀ါဒဖြန့်စရာဖြစ်ရအောင် ဟာကွက်၊ ပျော့ကွက် မရှိခဲ့ခြင်းမှာ တမန်တော်သည် မိမိပြောသော စကားကို မိမိကိုယ်တိုင် လိုက်နာခဲ့သောကြောင့်သာဖြစ်ပေသည်။
တမန်တော်မြတ်အား လူပျိုလူလွတ်ဘ၀၌ပင် မက္ကာခေါင်းဆောင်များသည် အစ္စလာမ်ကို ဆက်လက်မဟောကြားက အိုးအိမ်၊ ရတနာပစ္စည်း၊ မက္ကာမြို့ရဲ့အာဏာနှင့် နှစ်သက်ရာအမျိုးသမီးများကို ပေးမည်ဖြစ်ကြောင်း ကမ်းလှမ်းလာရာတွင် တမန်တော်မြတ် (ဆွ) က ခါးခါးသီးသီးငြင်းဆန်ခဲ့ပါသည်။ တမန်တော်သည် အာဏာလည်း မမက်ပါ၊ စည်းစိမ်လည်း မမက်မောပါ။ မိန်းမလည်း မက်မောခြင်းကင်းကြောင်း လက်တွေ့သက်သေထူခဲ့ပြီးပါပြီ။
သက်တော် (၂၅)နှစ်၌ မုဆိုးမတစ်ဦးဖြစ်သူ ခတီဂျာသခင်မနှင့် လက်ထပ်ထိမ်းမြားပြီး တစ်လင်တစ်မယားစနစ်ကို တာဝန်သိသိ၊
သိက္ခာရှိရှိထူထောင်သွားခဲ့သည်မှာ ခတီဂျာသခင်မ ကွယ်လွန်ချိန် တမန်တော်မြတ် သက်တော် (၄၈)နှစ်အထိပင် ဖြစ်ပါသည်။ ခတီဂျာသခင်မနှင့် (၂၃)နှစ်တာ တစ်လင်တစ်မယားစနစ်ဖြင့် နေထိုင်ခဲ့သော တမန်တော်မြတ်အား လူပျိုဘ၀၌ရော၊
အိမ်ထောင်သည်ဘ၀၌ပါ မိမိအား စွဲလန်းချစ်ခင်နှစ်သက်သော အမျိုးသမီးများစွာ ရှိခဲ့ရာ စိတ်ဝင်စားမှုလုံးဝမရှိခဲ့ဘဲ အားနည်းသူ ကျွန်များ၊ အမျိုးသမီးများဘက်မှ လူနည်းစုဘက်မှ ရပ်တည်ကာကွယ်ပေးရင်း၊ လူမှု့ဘ၀ကို မြှင့်တင်ပေးခြင်း၊ အစ္စလာမ့်တရားကို ဖြန့်ချီရင်းဖြင့်သာ မိမိဘ၀ကို တန်ဘိုးရှိရှိ၊ သိက္ခာသမာဓိအပြည့်ဖြင့် နေထိုင်သွားခဲ့သဖြင့် ဘာသာမတူသူ ကမ္ဘာ့သမိုင်းပညာရှင် တို့၏ လေးစားမှုကို အပြည့်အ၀ရရှိခဲ့ပါသည်။
ဤနေရာ၌ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်ပြီး အိန္ဒိယပြည်၏ စံပြခေါင်းဆောင်ကြီးဖြစ်သော မဟတ္တမဂန္ဓီကြီး၏ စကားကို ကိုးကားဖော်ပြရပါသော်-
"ကျွန်ုပ်တို့ ရိုးစင်းသော ၀တ်စားဆင်ယင်မှုနှင့် ရိုးစင်းသော ဘ၀ကိုနှစ်သက်ခြင်းတို့မှာ တမန်တော်မြတ် မုဟမ္မဒ်ကို အားကျ၍ ဖြစ်ပါသည်။"
"အကြင်သူတစ်ဦးသည် အစ္စလာမ်ကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာမည်ဆိုပါက အစ္စလာမ်ဘာသာကို ကျွန်ုပ်ကဲ့သို့ပင် ချစ်ခင်လေးစားလိုစိတ်များ တဖွားဖွားပေါ်ပေါက်လာမည်မှာ မြေကြီးလက်ခတ်မလွဲပင်။"
Singapore in1930s
10 months ago
No comments:
Post a Comment