Monday, November 21, 2011

ဗမာမွတ်စလင်မ် ကွန်ဂရက် (ဗ.မ.က) ဘယ်ပုံအဖျက်ခံခဲ့ရသလဲ? ဘယ်သူကဖျက်ခိုင်းတာလ...ဲ? ဘာအကြောင်းကြောင့် အဖျက်သိမ်းခံခဲ့ရတာလဲ?


၁၉၅၅ ခု ဒီဇင်ဘာလ ၃၀ရက်နေ့ထုတ်
ဟံသာဝတီ ( The Hanthawaddy )
သတင်းစာမှ……………
(HANTHAWADDY)

Vol XI No.21 ၁၃၁၇-ခု နတ်တော်လပြည့်ကျော် ၁ ရက် သောကြာနေ့ Friday 30.12.1955

“ဖျက်မယ် မဖျက်ဘူး ပြတ်သားစွာပြောပါဟု နုကပြောပြီး”


ကိုယ့်ကိုယ်ကို ဗမာ-ကုလားစဉ်းစားတာ (၂)မိနစ်မကြာပါဘူးဆိုခြင်း

ဖဆပလ က ဗမကကို မလိုချင်ဘူးသွားတော့လို့ နှင်ထုတ်နေတာမဟုတ်ဘူး၊ဗမက တခုလုံးက သစ္စာရှိနေတဲ့အတွက်၊ နောက်ကိုလဲကျွန်တော်တို့က ဆက်ပြီးအားကိုးရမှာဘဲ၊ လူမျိုးတစ်မျိုးထဲမှာ ဘာသာခြားပြီးနေရုံနဲ့ လူမျိုးတသီးတခြားလုပ်နေရင် မကောင်းပါဘူး၊ ဒီလိုဘာသာတသီးတခြားလုပ်နေရင် နောင်လာသူတွေက ဒီမူမှားပေါ် ထပ်လိုက်လာရင် အကုန်လုံးမှားကုန်ပါလိမ့်မယ်ဟု နိုင်ငံတော်ဝန်ကြီးချုပ်ဦးနုက ရန်ကုန်မြူနီစပယ် မြို.တော်ဧည့်ခံခန်းမကြီး၌ ဒီဇင်ဘာ ၂၉ ရက်နေ့နံနက် ၁၁နာရီခွဲအချိန်တွင် ကျင်းပသော ဖဆပလအဖွဲ့ချုပ် ခေါင်းဆောင်မူအသင်းအဖွဲ.များနှင့် အဌမအကြိမ်မြောက် ဗမကပြည်လုံးကျွတ်ညီလာခံ ကိုယ်စားလှယ်များ မိတ်ဆက်ဧည့်ခံကျွေးပွဲ၌ ရှင်းလင်းမိန့်ကြား သွားလေသည်။

အချိန်နောက်ကျ ကျင်းပရခြင်း

ဖဆပလဌာနချုပ် ဥက္ကဌ ၀န်ကြီးချုပ်ဦးနုအား အမှူပြု၍ ဖိတ်ခေါ်သော ၄င်းဧည့်ခံပွဲကြီးကို ဖိတ်စာအရ နံနက် ၉ နာရီအချိန်တွင်ကျင်းပရန်ဖြစ်သော်လည်း ဗမက ကိုယ်စားလှယ်တော်များနှင့် ဖဆပလ ဌာနချုပ် အလုပ်အမူဆောင် အဖွဲ့တို့သည် ဥက္ကဌ၀န်ကြီးချုပ်ဦးနု၏နေအိမ်၌ ဗမက ညီလာခံဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေး နေကြသဖြင့် အချိန်နောက်ကျ၍ ၀န်ကြီးချုပ်ရောက်လာမှ ဧည့်ခံပွဲကျင်းပရခြင်းဖြစ်ကြောင်း။


တက်ရောက်ကြတဲ့ ပုဂ္ဂိုလ်များ

၎င်းဧည့်ခံပွဲသို့ ရန်ကုန်ခရိုင်နှင့် ခရိုင်အသီးသီးမှ ဗမက ကိုယ်စားလှယ်တော်များ၊ မြူလူကြီးများ ဌာနဆိုင်ရာ ဗမကခေါင်းဆောင်များ၊ အသင်းအဖွဲ့ကိုယ်စားလှယ်များနှင့် တရားဌာန၀န်ကြီး ဦးခင်မောင်လတ်၊ သမ၀ါယမ၀န်ကြီး သခင်သာခင်တို့ပါ တက်ရောက်လာကြ၏။

သည်းခံကြပါ

မိတ်ဆက်ဧည့်ခံပွဲစလျှင်စခြင်း၊၀န်ကြီးဦးခင်မောင်လတ်က ကိုယ်စားလှယ်တော်များအားအခမ်းအနားကိုအစီအစဉ်အတိုင်းမစနိုင်၍တောင်းပန်ပါကြောင်း။ ယခုလိုအချိန်မမှီဖြစ်ရခြင်းမှာ ၃ရက်တိတိကျင်းပရသော ဗမကပြည်လုံးကျွတ်ညီလာခံမှာ ဗမာမွတ်စလင်မ်တို့ရဲ. ဘ၀မှန်ကိုရောက်ရေးအတွက်ပြသနာများကို ဖဆပလအလုပ်အမှုဆောင်အဖွဲ့က ဆွေးနွေးနေရ၍ဖြစ်ကြောင်း နယ်အသီးသီးမှ ကိုယ်စားလှယ်တော်များ စဉ်းစားခဲ့သောအဆိုကိုပြ ဌာန်းခဲ့ကြောင်း၊ တနေ.ဗမာက ချုပ်ငြိမ်းသွားရမည်၊ မြို.နယ်ခရိုင် အလိုက်သိမ်းသွင်းသွားရမည် ဆိုသောအချက်များနှင့် ဖဆပလအဖွဲ.ချုပ် အထွေထွေအတွင်းရေးမူး ဦးကျော်ငြိမ်းဖတ်ကြားတင်ပြခဲ့သည်ကိုပါ ဆွေးနွေးရှင်းလင်းနေခြင်းကြောင့် ချိန်နောက်ကျရခြင်းနှင့် တောင်းပန်သွားကြောင်း။

ဝန်ကြီးချုပ်တောင်းပန်ချက်

ထို့နောက် ၀န်ကြီးချုပ်ဦးနုက ယခုကြွရောက်လာတဲ့ ကိုယ်စားလှယ်တော်များကို ကျွန်တော်အချိန်နောက်ကျ
တဲ့အတွက်တောင်းပန်ပါတယ်။ ကျွန်တော်ဟာအချိန်မှန်မှန်လုပ်တာကို အားပေးခဲ့တဲ့လူတစ်ယေါက်ဘဲ
အချိန်မမှန်တာကိုအင်မတန် စက်ဆုတ်တယ်။ ဒါပေမဲ့ ခင်များတို့ချမှတ်လိုက်တဲ့ ဆုံးဖြတ်ချက်တွေကို
စဉ်းစားပေးဖို့ရှိလို့ အထူးအလုပ်အမှုဆောင်အစည်းအဝေးခေါ်ပြီး ဗမကခေါင်းဆောင်များနဲ့ဆွေးနွေးနေရလို့
နောက်ကျသွားပါတယ်။

မလိုချင်လို့ နှင်ထုတ်တာမဟုတ်

ဗမက ရုပ်သိမ်းပေးဖို့ဆုံးဖြတ်တာရယ် ဦးကျော်ငြိမ်းဖတ်ပြတာတွေရယ် ခင်များတို့အကုန်သိကြပြီးဖြစ်တယ်။
သို့သော် တချို.သဘောပေါက်သူတွေလည်းပေါက်တယ်၊ တချို.သဘောမပေါက်ဘဲ အထင်လွဲနေတာလဲ ရှိတယ်။nအထင်လွဲနေတာကိုခြုံပြီးဖြေရရင်၊ ၁ ဗမက ကိုမလိုချင်ဘူး သွာတော့လို့ နှင်နေတာမဟုတ်ပါဘူး။ ၂ လူတစုကလွဲလို့ နိုင်ငံတော်ကိုသစ္စာရှိနေတဲ့ဗမကတွေကိုအသိမှတ်မပြုတာလဲမဟုတ်၊၃ ခင်များတို့ဆီကအကူညီ မလိုလို့လဲမဟုတ်ဘူး၊ ဗမက တခုလုံးကသစ္စာရှိနေတဲ့အတွက် နောင်ကိုလဲ ခင်များတို့ကို ဆက်အားကိုးမှာဘဲ။

လောကွတ်မဟုတ်

ဒီလိုကျွန်တော်ဖြေနေတာ လောကွတ်မဟုတ်ပါဘူး၊ပြောင်ပြောင်ပြောရရင် ခင်များတို့ရဲ. ကျေးဇူးရှိပါတယ်။သူပုန်ထစ အချိန်တုန်းက ဖဆပလရဲ.မျက်ခွက်ဟာ ဇီးစေ့လောက်ပဲရှိခဲ့တယ်၊ အဲသလိုရှိတဲ့အထဲအတွင်းက သစ္စာဖေါက်သူက ဖေါက်ကြတယ်၊ ဒီအချိန် ဒီအခါမှာ ဗမက တစ်ခုလုံးသစ္စာရှိပြီးကျန်ရစ်ခဲ့တာကို မှတ်တမ်းတင်ထားပါတယ်။ ခုအချိန်အခါ နောင်အခါ ဘယ်အခါမဆို ခင်များတို့မပါလို့၊ ဘာဖြစ်ရမလဲဆိုတဲ့ သဘောကျွန်တော်တို့မှာ မရှိပါဘူး။

ဖျက်သင့်တဲ့ အချိန်ရောက်ပြီး

ဗမကကို ဖျက်သိမ်းသင့်သည့် အချိန်ရောက်လို့၊ ဖျက်သိမ်းပါလို့ပြောတာပါ။ ဖျက်လို့ခက်တာ မခက်တာက ပဓါန
မဟုတ်ပါဘူး၊ အခက်ရှိလို့မဖျက်ချင်တာက တမျိုးပါ၊ ကျွန်တော်တို့ ဆွေးနွေးခဲ့သည့်အထဲမှာ ဗမက ကိုယ်စားလှယ် ကိုယ်တိုင် ဗမကအဖွဲ့မရှိသင့်ဘူးလို့ဝန်ခံထားပါတယ်။ ဗမာတိုင်းရင်းသား ရှမ်း၊ ချင်း၊ကရင်၊ ကချင်၊လူမျိုးတမျိုး အနေဖြင့်ဖွဲ့စည်းထားတာကတမျိုး၊ ဗမာထဲကဖြစ်ပြီး အစ္စလာမ်ဘာသာယူပြီး အဖွဲ့ဖွဲ.တာက တစ်မျိုးဖြစ်တယ်။ ဗမကဟာ သီးခြားလူမျိုးတမျိုးမဟုတ်ဘူး၊ ခင်များတို့ဟာ ဗမာတွေဘဲ၊ထူးတာက မွတ်စ္စလင်မ် ဘာသာယူတာ တစ်ခုဘဲထူးတယ်၊ဒီတော့ဘာသာအယူခြားရုံနှင့် လူမျိုးစုသီးခြားအဖွဲ့ဖွဲ့သင့်သလားဆိုတာ စဉ်းစားကြပါ။

တကယ်လို့ဖွဲ့သင့်တယ်ဆိုရင် ခရစ်ယာန်အယူ ယူသည့် ဗမာကလဲ ဗမာခရစ်ယာန်အဖွဲ့ ဖွဲ့ချင်လာမယ်၊နောက် ဗမာ ဟိန္ဒူဆိုတာလဲ ဖွဲ့ချင်လာပါလိမ့်မယ်။ ဒီလိုအကွဲကွဲမဖြစ်အောင် လူတစ်မျိုးထဲအနေနဲ့ ဖုံးနိုင်ဖိနိုင်လို့ ယနေ့ထိ ဘာမှမဖြစ်တာဘဲ၊ တသီးတခြားဖွဲ့လာချင်တဲ့ လူကတော့လာချင်မှာဘဲ၊ လုပ်ချင်သမျှခွင့်ပြုရင် ဒါမျိုးတွေကို ဖုံးမနိုင်ဖိမရဖြစ်လာမယ်။

သွေးချောင်း စီးနိုင်တယ်


အထူးသဖြင့်ကျွန်တော်တို့က ပြည်တော်သာအခွင့်အရေးနဲ့ စုရုံးရတာထက် ဘာသာရေးနဲ့စုရုံးရတာက သာလို့လွယ်ပါတယ်။ ကျွန်တော်တို့က ဘာသာရေးလွတ်လပ်မှုကို ဦးစားပေးခဲ့သလို၊ ဘာသာရေးညီညွတ်မှု
ရှိအောင်လုပ်ရမယ်။ အဲဒီတော့ ဘာသာရေးလွတ်လပ်မှု ဘာသာရေး ညီညွတ်ချမ်းသာမှု Religious Freedom and Religious Harmony ဆိုတာတွေမရှိရင် ဗုဒ္ဓဘာသာက ခရစ်ယာန်ကိုချ၊ ခရစ်ယာန်က ဗုဒ္ဓဘာသာကိုချ၊ မွတ်စလင်မ်က ဟိန္ဒူကိုချ၊ ဟိန္ဒူက မွတ်စလင်မ်ကိုချ တခါထဲသွေးချောင်းစီးသွားနိုင်တယ်။တချို.ခရစ်ယာန် အယူသီးတာတွေ၊ ဗုဒ္ဓဘာသာအယူသီးတာတွေရှိသလို မွတ်စလင်မ်ထဲမှာလဲ အယူသီးတာတွေရှိမှာဘဲ၊နောင်
ဘာသာရေးကို မဖျက်ဆီးဖျက်ဆီးချင်အောင် ပေါ်ပေါက်လာမှုတွေကိုတွေ့မယ်ဆိုရင် ကျွန်တော်တို့က
ထိမ်းးနိုင်ဖို့အတွက် ခုလို ဗမကကိုရုပ်သိမ်းရတာဘဲ။


၄၈ ခုနှစ်ထဲက ပြောခဲ့ပြီးပြီ

ခုလိုလုပ်တာ ခင်များတို့ကိုနိုင်ထက်စီးနင်းလုပ်တာလား၊ ဒီမိုဂရေစီ နည်းအရရှင်းပြပြီး လုပ်တာလား ဆိုတာသိမယ်။ လူတမျိုးထဲက ဘာသာခြားရုံနဲ့ လူမျိုးတသီးတခြားဖြစ်ရင် မကောင်းဘူး၊ ဒီတော့ လူတမျိုးထဲမှာပဲရှိတဲ့ ဘာသာခြား တွေကိုစုပြီး လူတမျိုးထဲအမည်ခံကြဖို့ကို ၁၉၄၈ ခုနှစ်ကတည်းက ကျွန်တော်ပြောခဲ့ပါတယ်။


တိုင်းပြည် တပတ်ရိုက်ပုံ

ဗမကကိုရုပ်သိမ်းဖို့မူကိုတော့ သဘောတူခဲ့ကြတယ်၊ ဒါပေမဲ့တဖြည်းဖြည်းမှ ဖျက်ပါလို့ ပြောခဲ့ကြတယ်။ ကျွန်တော်က ဗမကလူကြီးတွေကို အိမ်မှာဖိတ်ပြီး မေးခဲ့စဉ်က ဖေဖေါ်ဝါရီလလောက်မှာ ရုပ်သိမ်းပြီးသားမဖြစ်ရင် ဗမကဟာ ဖဆပလအပြင်ဘက် ရောက်သွားမယ်လို့ ပြောခဲ့ဘူးတယ်၊ ဒီလိုအပြင်ဘက်ရောက်သွားသူဟာ ဖဆပလထဲမှာ မရှိတော့ဘူးဆိုတာ သိသလားဆိုတော့ မသိဘူးတဲ့၊ အဲဒီတော့ ဖဆပလ အပြင်ဘက်ရောက်သွားတဲ့ ဗမက၀င်တွေ ဟာ ခင်များတို့အနေနဲ ဖဆပလထဲမှာ ပါနေသေးတယ်လို့ထင်ကြတယ်၊ အဲဒီလိုထင်တာကိုလဲ ကျွန်တော်တို့က လက်ခံရင် တိုင်းပြည်ကို တပတ်ရိုက်သလိုဖြစ်သွားလိမ့်မယ်၊ ဒီအခါလူတွေကလည်း ရယ်ကြမယ်။အတိုက်အခံတွေ
ကလည်း ပြောမယ်။ သတင်းစာတွေကလဲ ရေးကြမယ်။


မပြီးနိုင်တဲ့ တစတစ

အစက ကျွန်တော်တို့ ဒီလိုမထင်လို့ဆုံးဖြတ်တွေချပြီး ပြောခဲ့တယ်။ခုခင်များတို့ ညီလာခံ ဆုံးဖြတ်ချက်ကို ညကမှဖတ်ကြည့်ရတာ တမျိုးပဲ၊ ခင်များတို့က ဗမက ပန်းတိုင်ရောက်မှ ဗမက အဖွဲ့ကြီးချုပ်ငြိမ်းရုပ်သိမ်းဖို့ကို
ပြောတယ်။ဒါကြောင့် ကျွန်တော်ဒီမှာလာရှင်းပြလို့ ပြောလို့ လာရှင်းရတာပဲ။ ခင်များတို့ရဲ.ဆုံးဖြတ်ချက်တွေကို
ကျွန်တော်ပြင်ပေးချင်တာက ပန်းတိုင်ရောက်ရေးကို မျှော်မှန်းပြီး တစတစရုပ်သိမ်းဖို့ဆိုတာ မလုပ်ပါနှင့်၊
ပန်းတိုင်ဆိုတာ ဘယ်နေ့ရောက်မယ်လို့ ဘယ်သူမှမပြောနိုင်ဘူး၊တစတစဆိုတာ ဘယ်တော့မှ ပြီနိုင်မှာ မဟုတ်ဘူး။


မြန်မြန်ဖျက်လေ ကောင်းလေ

ဒီတော့ ၁၉၅၆ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့နောက်ဆုံးထားပြီး အောက်တိုဘာ ၁ ရက်နေ့မတိုင်မီ၊ ဗမက ကို ဖျက်သိမ်းပေးဖို့ ပြင်ဆင်ပေးပါတယ်၊ ဒါကို သဘောတူရင်တော့ ဒီအတိုင်းသာလုပ်ကြပေါ့။ မတူဘူး ဆိုရင်လည်း ပြတ်ပြတ်သားသား လုပ်ကြပေါ့၊တကယ်လို့မဖျက်သိမ်းသင့်ဘူးလို့ ဆုံးဖြတ်ရင်လဲ ကျွန်တော်တို့နဲ့ ရန်သူဖြစ်စရာ မရှိပါဘူး။ ကျွန်တော်တို့ ဆိုလိုတာက ဘာသာကွဲရုံနဲ့ဘာကြောင့် ဂိုဏ်းသီးခြား ဖြစ်နေရမလဲ။ လာကြပါ၊ပေါင်းလုပ် ကြလို့ ၁၉၅၁ ခုနှစ်ကတကြိမ် ကျွန်တော်ပြောခဲ့ပြီး၊ ဒီနောက် ခင်များတို့က အချိန်တွေဆွဲဆွဲ သွားလိုက်တာ ၅၃ -ခုမှာလဲ ဆွေးနွေးဖို့ချိန်းမရ၊ ၅၄-ခုရောက်လာတော့လည်း မပြီးပြတ်ခဲ့ပဲ ဖြစ်ရတယ်။ နောင်လာမယ့် လူတွေက ဒီလိုမူမှားတွေပေါ် လိုက်လာရင် အကုန်လုံးမှားကုန်လိမ့်မယ်။ သဘောကတော့ မြန်မြန်ဖျက်ပေးနိုင်လေ ကောင်းလေဘဲ။ ကျွန်တော်တို့အထဲ နေရာတွေဝင်ယူပြီး အတူလက်တွဲလုပ်ကြပါလို့လဲ ပြောခဲ့တယ်။


မပြတ်မသားတော့ မလုပ်နဲ့

ကျွန်တော်တို့က ဟိုဘာသာကိုဖိမယ်၊ ဒီဘာသာကို အားပေးမယ်ဆိုတဲ့ သဘောမထားပါဘူး။ ခုအခါမှာ ဘာသာစုရုံးရေးကို ဒီလိုနည်းနဲ့ လုပ်မရတော့ဘူးဆိုတာ ကမ္ဘာ့ရာဇ၀င်က ပြနေတယ်။ ခင်များတို့ ဗမက ရုပ်သိမ်းပြီးရင် တိုင်းရင်းသားအနေနဲ့ နိုင်ငံရေးလုပ်ချင်ရင် ဖဆပလထဲကိုဝင်ပါ။ သာသနာရေးကို လုပ်ချင်ရင် သာသနာရေးကောင်စီထဲကို ၀င်ပါ။ ရသင့်တဲ့အခွင့်အရေးတော့ ရမှာပဲ။ဘာမှန်းမသိ ညှာမှန်းမသိ မပြတ်မသားတော့ မလုပ်ပါနဲ့လို့ ကျွန်တော်ပြောပါတယ်ဟု မိန့်ကြားသွားလေသည်။


မေးချင်တာမေးကြ

၎င်းနောက်မေးလိုသော အချက်များကို မေးကြရန် ၀န်ကြီးချုပ်ဦးနုက ခွင့်ပြုသဖြင့် ဗမက ကိုယ်စားလှယ်များက
အတော်ကလေး မေးမြန်းလိုက်ကြ၏။ ၀န်ကြီးချုပ်၏အဖြေမှာလဲ မူမှန်တိကျပြတ်သားသည်ကို တွေ့ရ၏။


မေး။ ။ ဗမကကို မူလက ဘယ်လိုရည်ရွယ်ချက်နဲ့ဖွဲ့စည်းခဲ့ပါသလဲ။

ဖြေ။ ။ ကျွန်တော်သိတာတော့ နယ်ချဲ.သမားကို စုပေါင်းတိုက်ဖို့ ဖွဲ့စည်းခဲ့တယ်လို့သိပါတယ်။ ခင်များသိတာရှိရင် လည်း ကျွန်တော့ကိုပြောပါ။


မေး။ ။ ခုအထိ ဗမကတွေဟာ ကိုယ့်ကိုယ်ကို ဘယ်သူလဲလို့မေးနေကြတယ်၊ ကိုယ့်ကိုယ်ကို ကုလားလို့
ထင်သူကထင်နေကြတယ်၊ကိုယ့်ကိုယ်ကို ဘယ်သူဘယ်ဝါဆိုတာသိအောင် အချိန်ပေးထားစေချင်ပါတယ်။
၂ မိနစ်စဉ်းစားရင် ရပါတယ်

ဖြေ။ ။ ကိုယ့်ကိုယ်ကို သိဖို့ဆိုတာ ၂ မိနစ်လောက် စဉ်စားတာနဲ့သိနိုင်ပါတယ်။ ကိုယ့်ကိုယ်ကို မသိချင်ဟန်
ဆောင်နေရင်တော့ မသိပါဘူးပေါ့။ ကုလားမဟုတ်ဘဲ ကိုယ့်ကိုယ်ကို ကုလားကုလားလို့ခေါ်နေရင်တော့
မတတ်နိုင်ဘူး။ကိုယ့်ကိုယ်ကို ၂ မိနစ်စဉ်းစားကြည့်ရင် သိနိုင်တယ်ဆိုတာ ၀န်ကြီးဦးရှာရှစ်ကိုမေးကြည့်ပါ။
ဦးရာရှစ်က သူ့ကို ကုလား ကုလားလို့ ခေါ်တာကိုတောင် အတော်နာနေပါတယ်။ကိုယ့်ကိုယ်ကို
စဉ်းစားတာ ၃ လ ၁၀လကြာမှ မဟုတ်ပါဘူး၊ခဏလေးနဲ့သိနိုင်ပါတယ်။

တဦးမေး။ ။ ဒါနဲ့ ပတ်သက်လို့ ဆိုက်ကားသမားက ပြောတာ ခံချင်ပါသေးတယ်၊ လုပ်သွားလျှောက်တဲ့နေရာမှာ
အဖေနမည် အီစွပ်လို့ပြောရင် ဌာနဆိုင်ရာက တိုင်းရင်းသားဟုတ်လားလို့ မေးနေကြတယ်။ ဒီလို ကိစ္စကို ဗမကအဖွဲ့က လိုက်လုပ်ပေးနေရတယ်။ တကယ်လို့ ဗမက ဖျက်သိမ်းလိုက်ရင် ဘယ်သူ့ကိုအားကိုရမလဲ။

ဖြေ။ ။ ဖဆပလ ကို အားကိုးပေါ.ဗျ။ (သြဘာသံများ)။ တကယ်လို့ ယူစွပ်လို့ဆိုရင် လူမမြင်ရင်တော့
ကျွန်တော်က ကုလားလို့ထင်မှာဘဲ။ သိလျက်နဲ့ ညှစ်ပတ်တာမျိုး ဆိုရင်တော့ ကျွန်တော့ကိုပြောပါ၊
အရေးယူပေးပါ့မယ်။

အခြားတစ်ဦးမေး။ ။ အခုအခါ ဗမကကို ဖြတ်သိမ်းရင် နှစ်ခြမ်းသုံးခြမ်းကွဲသွားပါမယ်။ ဒါကြောင့်ထိမ်းထားတဲ့
အနေနဲ့ ရှိသင့်သေးတယ်လို့ထင်ပါတယ်။ကျွန်တော် တို့ကိုလဲ ကူပါ

ဖြေ။ ။ ကျွန်တော်တို့လဲ ခင်များတို့အခက်အခဲကိုသိလို့ အကြိမ်ကြိမ် ရွေ.ခဲ့ရတယ်၊ ကျွန်တော်တို့
အခက်အခဲတွေကိုလဲ ပြန်ကြည့်ဖို့လိုပါတယ်။ ခင်များတို့အခက်အခဲကို ကူသလို ကျွန်တော်တို့
အခက်အခဲကိုလဲ ကူပါလို့ ပြောနေတာပါ။

မေး။ ။ နယ် ဗတလစ တီယူစီဘီတွေထဲမှာ ဗမက၀င်တွေ ကန်ထုတ်ခြင်းခံရပါတယ်၊ ဗမက ကို မဖျက်သိမ်းမီ ကန်ထုတ်ခြင်းမခံရအောင် လူတန်းစား အသိတွေသိမ်းသွင်းပေးပါ။

ဖြေ။ ။ ကတိပေးပါတယ်၊ အခက်အခဲရှိရင် ဌာနချုပ်ကို တိုင်ပါဟု မေးမြန်းဖြေဆိုပြီး ဒန်ပေါက်ထမင်း
ဧည့်ခံကျွေးမွေးရုပ်သိမ်းလိုက်ပါတယ်။


ကိုယ်စိတ် ချမ်းသာကြပါစေ

နိုင်ငံတော်ဝန်ကြီးချုပ်က ခန်းမကြီးထဲမှ ပြန်လည်ထွက်ခွာသွားခါနီးတွင် ဆုမွန်တောင်းမေတ္တာပို့ရာ၌ ဗမက အဖွဲ့ဝင် ကိုယ်စားလှယ်တော်များ နယ်ပြန်သွားတဲ့အခါ ဘေးမသီးရန်မခ ချောချောမောမော ဆိုက်ရောက်နိုင်ပါစေ၊ ခင်များတို့ အားလုံး စိတ်ချမ်းသာကိုယ်ချမ်းသာ ရှိကြပါစေ၊ တနည်းအားဖြင့် ခင်များတို့လို ဆုတောင်းရမယ်ဆိုရင် ခိုဒါဟာဖိဇ်လို့် ဆုတောင်းလိုက်ပါတယ်ဟု ပြောသွား၏။ ခိုဒါဟာဖိဇ်၏ အဓိပ္ပါယ်မှာ ဘုရားသခင် စောင့်ရှောက်ပါစေဟူ၍ဖြစ်၏။

Post of Hantharwaddy Minn Khaung

No comments: