Monday, December 14, 2009

အစ္စလာမ် ပညတ်ချက်များ ၃

မိဘက သားသမီးအပေါ် ထားရှိရမည့် တာဝန်ဝတ္တရားများ

မိဘနှစ်ပါး၏ ၀တ္တရား သားသမီးအပေါ် ရှိသကဲ့သို့ မိဘနှစ်ပါးအပေါ်၌လည်း သာသမီးများ၏ ၀တ္တရားများ ရှိသည်။ ၄င်းတို့မှာ-

၁။ အကျင့်စာရိတ္တ ကောင်းမွန်သည့် အမျိုးသမီးနှင့် ထိမ်းမြားလက်ထပ်ပေးရမည်။ သို့မှသာ ကောင်းမြတ်သည့် သားသမီး ရတနာ ထွန်းကားမည်ဖြစ်သည်။
၂။ ငယ်ရွယ်စဉ် ကာလတွင် ချစ်ခင်ယုယစွာဖြင့် မိမိ၏ သားသမီးများကို ကျွေးမွေးစောင့်ရှောက်ရမည် ဖြစ်သည်။
သားသမီးများကို ချစ်ခင်ယုယ ခြင်းနှင့် ပတ်သက်၍ ထူးမြတ်မှုများလည်း လာရှိထားပေ၏။ အထူးသဖြင့် သမီး မိန်းကလေးများဖြင့် စိတ်မညစ်ရပေ။ ၄င်းတို့အား ကျွေးမွေးခြင်းဖြင့် အထူးထွတ်မြတ်မှုများ လာရှိပေသည်။ အကယ်၍ နို့ထိန်းသည်ထံ အပ်၍ နို့တိုက်ခိုင်းမည် ဆိုပါက အကျင့်စာရိတ္တ ကောင်းမွန်ပြီး ဘာသာရေး လေးစားသည့် နို့ထိန်းသည်ကို ရှာဖွေရမည်။ အဘယ်ကြောင့်ဆိုသော် မိခင်၏ အကျင့်စာရိတ္တ အစရှိသည်တို့သည် ကလေးအား သက်ရောက်စေသည်။
၃။ မိမိတို့၏ သားသမီးများအား သာသနာ့ ပညာများကို သင်ကြားပေးရမည်။
၎။ (နေကာဟ်) ထိမ်းမြားရန် အချိန်တန်လာသောအခါ ၄င်းတို့အား ထိမ်းမြားခြင်း ပြုလုပ်ပေးရမည်။ အကယ်၍ သမီးမိန်းကလေး၏ ခင်ပွန်းသေဆုံးပါကလည်း ဒုတိယနေကာဟ် (နောက်ထပ်) ပြုလုပ်မည့်အထိ မိမိ၏ အိမ်တွင် ကောင်းမွန်စွာ ထားရမည်။ ၄င်းအတွက် လိုအပ်သလောက် သုံးစွဲရန်ပေးရမည်။

အစ္စလာမ် ပညတ်ချက်များ ၂

စားသောက်ခြင်း၏ ရိုသေမှု

၁။ မစားမီအလျင်နှင့် စားသောက်ပြီး လက်ဆေးရမည်။ နှုတ်လည်း ကျင်းရမည်။
၂။ “ဗစ္စမိလ္လာဟိ ၀အလာ-ဗရ်ကသိလ္လာဟ်” ဟုဆို၍ ထမင်းစားရမည်။ (အဓိပ္ပါယ်- ကျွန်တော်မျိုးသည် အလ္လာဟ် အရှင်မြတ်၏ နာမတော်နှင့် လည်းကောင်း၊ ထိုအရှင်မြတ်၏ ဗရ်ကသ်တော်နှင့် လည်းကောင်း အစပြု၍ စားသုံးပါ၏။)
၃။ “ဒတ်စ်တရ်ခါန်” အခင်းခင်း၍ စားရမည်။
၎။ လကျာ်လက်ဖြင့် မိမိရှေ့တွင် ရှိသော ပန်းကန်မှ ယူ၍ စားရမည်။
၅။ ပန်းကန်၏ အလည်တည့်တည့်၍ လက်မနှိုက်ရ။ အဘယ့်ကြောင့်ဆိုသော် ပန်းကန်အလယ်၌ ဗရ်ကသ်တော်များ ကျရောက်ပေသည်။
၆။ အလွန်ပူပြင်းသော ထမင်း၊ ဟင်းကို မစားလေနှင့်။
၇။ လက်၌ လူးပေနေသည်ကို ဆေးမပြစ်ရ။ ပထမ လက်ချောင်းများကို ယက်ရမည်။ပြီးနောက်မှ ဆေးကြောရမည်။ မည်သည့်နေရာ၌ ဗရ်ကသ်ရှိနေသည်ကို အသင်တို့ မသိကြကုန်ဟု ဟဒီးစ်တော် တစ်ပါးတွင် လာရှိပေသည်။
၈။ ပန်းကန်ကို သန့်ရှင်းအောင် ဆေးကြောရမည်။ ရှိုင်တွာန်အတွက် မထားခဲ့ရ။ သင့်အား ဂျဟန္နမ်မှ လွတ်ကင်းစေရန် ပန်းကန်က ဒိုအာပြုလေသည်။
၉။ စားသောက်ဖွယ်ရာများကို အပြစ်မဆိုရ။ စိတ်အလိုရှိက စားပြီး စိတ်အလိုမရှိက မစားဘဲနေရမည်။
၁၀။ မုန့်စားသောအခါ လက်သုံးချောင်းဖြင့်သာ စားရမည်။
၁၁။ အားလုံးရောနှော၍ စားရမည်။ တသီးတခြားစီ မစားရ။
၁၂။ ထမင်းစားပြီးသောအခါ “အလ်ဟမ်ဒိုလိလ္လာဟစ်လဇိ အတ်တွအာမာနာ ၀စာကားနာ ၀ဂျာအလနာ မိနလ် မွတ်စလေမီးန်” ဟု ဆိုရမည်။ (အဓိပါယ် ချီးမွမ်းထောပနာပြုခြင်း အပေါင်းတို့သည် အလ္လာဟ်အရှင်အတွက် သာလျှင်တည်း။ ထိုအရှင်သာလျှင် ကျွန်ုပ်တို့အား အစာရေစာ တိုက်ကျွေးတော်မူပြီး ကျွန်ုပ်တို့အား မွတ်စ်လင်မ် အဖြစ် ပြုပေးတော်မူပေသည်။)
၁၃။ ရေ (သို့မဟုတ်) နို့သောက်လျှင် ဦးစွာ “ဗစ္စမိလ္လာဟ်” ဆိုရမည်။
၁၄။ အကယ်၍ ပန်းကန်ခွက်သည် ကွဲအက်နေသော် ထိုကွဲအက်သော နေရာမှ မသောက်လေနှင့်။
၁၅။ ကုလားအုတ်ကဲ့သို့ အသက်တစ်ရူတည်း မသောက်လေနှင့်။ ခွက်ကို ပါးစပ်တပ်လျှက် အသက်မရှုရ။ ခွက်ထဲကိုလည်း မမှုတ်လေနှင့်။

အစ္စလာမ် ပညတ်ချက်များ ၁


ဝတ်စားဆင်ယင်ခြင်းအကြောင်း

မွတ်စလင်တို့သည် ၀တ်စားဆင်ယင်မှုများနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်များမှာ အောက်ပါအတိုင်းဖြစ်၏။

၁။ အမျိုးသားများသည် ချက်မှ ဒူးထိ လုံခြုံစေရမည်။
၂။ အမျိုးသမီးများသည် မျက်နှာ၊ လက်ဖ၀ါး၊ ခြေဖ၀ါးမှအပ ကျန်အစိတ်အပိုင်း၏ ပုံသဏ္ဍာန်များ မပေါ်အောင် လုံခြုံစွာ ရှိရမည်။
၃။ အမျိုးသားများသည် ပိုးထည်၊ ရွှေထည်များကို မ၀တ်ဆင်ရ။
၎။ အမျိုးသမီးတို့သည် ရွှေ၊ ငွေ၊ ဘယက်တန်ဆာများကို သူစိမ်းတစ်ရံစာ အမျိုးသားများ မြင်အောင် ဖော်မ၀တ်ရ (အ၀တ်အတွင်းမှာသာ ၀တ်ရမည်။)
၅။ အမျိုးသမီးများ အနေဖြင့် အ၀တ်အတွင်းမှပင် ဖြစ်သော်လည်း အသံမြည်စေသော ရွှေ၊ ငွေ၊ ဘယက်တန်ဆာများကို မ၀တ်ဆင်ရ။
၆။ ခင်ပွန်းသည် (လင်ယောက်ျား) ရှိသော အမျိုးသမီးများသည် အိမ်အတူနေသူ အမိ၊ အစ်မ၊ ညီမ စသည့် အမျိုးသမီးတို့နှင့် အ၀တ်ဆင်တူ မ၀တ်ဆင်ရ။ အနံ့တူရေမွှေး မသုံးစွဲရပေ။
၇။ အမျိုးသမီးများ အနေနှင့် မိမိအိမ်မှ ပြင်ပသို့ သွားလျှင် အနံ့ထွက်သော အမွှေးအကြိုင်များ မသုတ်လိမ်းရ။
၈။ အမျိုးသမီးများသည် အမျိုးသားများကဲ့သို့ လည်းကောင်း အမျိုးသားများသည် အမျိုးသမီးများ ကဲ့သို့ လည်းကောင်း ၀တ်စားဆင်ယင်မှု ပြုခဲ့သည်ရှိသော် အလ္လာဟ် ရစူလ် တို့၏ လအ်နတ်ကို ခံရမည် ဖြစ်သည်။
စာရိတ္တကောင်းနှင့် ဂုဏ်ရည်မွန် အစ္စလာမ်သာသနာတော်၌ ကောင်းမြတ်သော အကျင့်စာရိတ္တ၏ အရေးကြီးပုံနှင့် ထူးမြတ်ပုံများကို ကောင်းစွာ ဖော်ပြထား၏။ ရစူလ် ကိုယ်တော်မြတ်၏ အချို့သော ဟဒီးစ်တော် တစ်ပါးတွင် “အသင်တို့ အနက် အကျင့် စာရိတ္တ အကောင်းဆုံးသူသည်သာလျှင် အမွန်မြတ်ဆုံးသောသူ ဖြစ်သည်။” ဟု ရစူလ်ကိုယ်တော်မြတ် (ဆွ) မိန့်ကြားခဲ့သည်။
အခြားဟဒီးစ်တော် တစ်ပါးတွင် “ကေယာမတ်သ်” နေ့၌ ချိန်ခွင်ထဲတွင် အချိန်အစီးဆုံး ဖြစ်မည့်အရာမှာ ကောင်းမြတ်သော အကျင့်စာရိတ္တပင် ဖြစ်ချေအံ့ဟု ကိုယ်တော်မြတ် (ဆွ) မိန့်ကြားလေသည်။
နဗီတမန်တော်မြတ်က ကောင်းမြတ်သော အကျင့်စာရိတ္တများ၏ ထူးမြတ်မှုအကြောင်းများကို ဖော်ပြ ဟောကြားတော်မူ သကဲ့သို့ အကျင့်ဆိုးများ၏ ဆိုးယုတ်မှုများ အကြောင်းကိုလည်း ဟောကြားတော် မူခဲ့လေသည်။
အလ္လာဟ်အရှင်မြတ်ထံတွင် ယုတ်ညံ့သော စာရိတ္တထက် ဆိုးဝါးသော ပြစ်မှုကား မရှိတော့ချေဟု ကိုယ်တော်မြတ် (ဆွ) မိန့်ကြားတော် မူခဲ့လေသည်။

Sunday, October 11, 2009

ယူအိုင်အေ မြန်မာမွတ်စ်လင်မ် မိသားစု တွေ့ဆုံဆွေးနွေးပွဲ (၁)



မပြတ်မစဲသနားကြင်နာတော်မူသော၊ အနန္တဂရုတော်ရှင်ဖြစ်တော်မူသော အလ္လာဟ်အရှင်မြတ်၏ နာမတော်ဖြင့် အစပြုပါ၏

မလေးရှားနိုင်ငံရှိ International Islamic University Malaysia (IIUM) တွင် တက်ရောက်ပညာသင်ကြား နေကြသော မြန်မာမွတ်စလင်မ်မိသားစုဝင် များ၏ တွေ့ဆုံပွဲအခမ်းအနား(IIUM Family Gathering) ကို ၂၀၀၉ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့တွင် ( တနင်္ဂနွေ )၌ နေ့လည် ၂:၀၀ မှ ညနေ ၅း၀၀ အထိကျင်းပခဲ့ပါသည်။ အမျိုးသား ( ၁၉) နှင့် အမျိုးသမီး ( ၁၀) တက်ရောက်ခဲ့ကြပါတယ်။

ထိုတွေ့ဆုံပွဲ အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် Brother Usman Ghani မှဆောင်ရွက်ခဲ့ကာ အခမ်းအနားကို အစီအစဉ် ( ၁၂)ရပ် ဖြင့်ကျင်းပခဲ့ပါသည်။ အခမ်းအနားအစီအစဉ် (၁)အရ အခမ်းအနားမှူးမှ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေငြာခြင်း၊ အခမ်းအနား အစီအစဉ်(၂)အရ အခမ်းအနားကို Brother Akthir မှ ကိရာအသ်ဖတ်ကာဖွင့်လှစ်ခြင်း၊ အခမ်းအနားအစီအစဉ် (၃) အရ IIUM ၏ကျောင်းသားတစ်ဦးဖြစ်သူ Brother Yunus မှ ကျောင်းသူကျောင်းသားများ မှတ်သားနာယူနိုင်ရန်၊ တစ်ယောက်နှင့်တစ်ယောက် ညီရင်းအစ်ကိုမောင်ရင်းနှမသဖွယ် ရိုင်းပင်းကူညီတတ်စေရန်၊ စစ်မှန်သော အီမာန်ရှင်ဖြစ်စေရန် ရည်ရွယ်ကာ “ညီရင်းအစ်ကို မောင်ရင်းနှမစိတ်ဓာတ်” ဟူသောခေါင်းစဉ်ဖြင့် ကျမ်းမြတ်ကုရ်အာန်နှင့် ဟဒီးစ် အထောက်အထားများကို ကိုးကားပြီး ဆွေးနွေးတင်ပြသွားပါတယ်။ ထို့နောက်တွင်မူအခမ်းအနားအစီအစဉ် (၄)အရ Brother Salman မှ ဟူသောခေါင်းစဉ်ကို ဆွေးနွေးတင်ပြကာ အခမ်းအနားအစီအစဉ် (၅)အရ Multimedia အစီအစဉ်ကိုထည့်သွင်းခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် (၇)အရ Brother Bashir မှ အာဇန်ဖြစ်ပေါ်လာပုံ၊ အာဇန်၏အရေးကြီးပုံ နှင့် အာဇန်နှင့်ပက်သက်သော သိမှတ်ဖွယ်ရာတို့ကို ဆွေးနွေးတင်ပြသွားပါတယ်။ တဖန် အခမ်းအနားအစီအစဉ်(၈)အရ မြန်မာကျောင်းသားများ၏ လှုပ်ရှားမှုများကို Projector ဖြင့်ပြသခဲ့ကာ အခမ်းအနားအစီအစဉ် (၉) အနေနဲ့ Brother Marmon Rashid မှ အမိန့်နာခံသူ အစ္စလာမ်တစ်ယောက်အနေဖြင့် နာခံခြင်း၏ သဘောတရားများ၊ အရေးကြီးပုံများကို သိရှိနားလည်စေရန်အတွက် ဆွေးနွေးတင်ပြခဲ့ပါတယ်။ အခမ်းအနားအစီအစဉ် (၁၀)အနေဖြင့် CFS မှကျောင်းသားကျောင်းသူများ၏ ရမသွာန်လ၀ါဖြေပွဲ(Iftar)များအကြောင်း၊ သူတို့၏လှုပ်ရှားမှုများအကြောင်း ကို CFS မှကျောင်းသူတစ်ဦးဖြစ်သူ Sister Salmah မှစိတ်ဝင်စားဖွယ် တင်ပြသွားပါတယ်။ အခမ်းအနားအစီအစဉ်(၁၁)အရ လက်ရှိကျောင်းတွင် Master လုပ်နေသူတစ်ဦးလဲဖြစ်၊ စာသင်နေသောဆရာတစ်ဦးလဲဖြစ်သူ ဆရာအက်ဘရ်ရှား က အမာနသ်နှင့်ပက်သက်သည့် မှတ်သားဖွယ်ရာများ၊ မိဘများနှင့်ခွဲပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ကာ ပညာဆည်းပူးနေကြသည့် ကျောင်းသားကျောင်းသူများ အနေုဖြင့် ပညာရေးနှင့် ပက်သက်သည့် မှတ်သားဖွယ်ရာများ၊ ကိုယ့်ကိုကိုယ် စောင့်ရှောက်တတ်စေရန် လိုက်နာရမည့်အချက်များ အပြင် အစ္စလာမ်တွင် သစ္စာတရား၏ အရေးကြီးပုံများကိုလည်း မှတ်သားနာယူဖွယ် ဆွေးနွေးတင်ပြသွားပါတယ်။

ထို့နောက်တွင်တော့ နောက်ဆက်လုပ်မည့် တွေ့ဆုံပွဲ၊ ဗဟုသုတနှီးနှောဖလှယ်ပွဲ များနှင့် ပက်သက်သည်များအကြောင်း ဆွေးနွေးခဲ့ကာ အခမ်းအနား အစီအစဉ် (၁၂) အရအခမ်းအနားကို ဆုမွန်ဒိုအာဖြင့် ရုပ်သိမ်းခဲ့ပါသည်။ ထို့နောက်တွင်မူ နောက်ဆက်တွဲ အစီအစဉ်များအနေဖြင့် တက်ရောက်လာသူများအားလုံး စုပေါင်းဓာတ်ပုံရိုက်ကြပြီးနောက် လက်ဖက်ရည်နှင့် မုန့်တို့ဖြင့်တည်ခင်းခဲ့ကာ အခမ်းအနား အောင်မြင်စွာပြီးဆုံးခဲ့ပါသည်။

အစီအစဉ်များအား မှတ်တမ်းတင်သူ ရှရီဖဟ်(I.I.U.M)

Monday, September 28, 2009

ဗမာမွတ်စလင်မ်တို့၏ တည်တန့်ခိုင်မြဲရေးအပေါ် ပြန်လည်သုံးသပ်ချက်(၄)

၎။ အာရဗီတက္ကသိုလ်။
“ဗမာမွတ်စလင်မ်တို့ အနာဂတ်တွင် စံတင်လောက်သည့် ခေတ်ပညာနှင့် ဘာသာရေးပညာ တွဲဖက်၍ ဒီဂရီဘွဲ့ပေးနိုင်သည့် အာရဗီတက္ကသိုလ်ကို ယနေ့ ဗမာမွတ်စလင်မ် ခေါင်းဆောင်များ ဖန်တီးပေးက အနာဂတ်ကာလတွင် အမည်ခံ မွတ်စလင်ပါ ကျန်ရစ်တော့မည်မဟုတ်ပါ။” စာပိုဒ်က လွန်ခဲ့သော နှစ်ငါးဆယ်က ဖော်ထုတ်ရေးသားခဲ့တာပါ၊ အဲဒီအချိန်က အဆင့်မြင့်ပြီး တက္ကသိုလ် သာ တည်ထောင်ခဲ့ပါက ယနေ့ မျိုးဆက်နှစ်ဆက် သုံးဆက်ခန့် ပညာရရှိလောက်ပြီ ဖြစ်ပါတယ်။ ဒါပင်မဲ့ ဖြစ်လာခဲ့သလားဆိုတာ လေ့လာဆန်းစစ်ကြည့်ပါ။ အာလင်ပညာရှင်လို့ခေါ်တဲ့ မော်လဝီ ကျောင်းတွေ အများကြီးပါ၊ ၁၉၆၀ခုနှစ်က ထင်ရှားတဲ့ကျောင်းတွေထဲမှ ရန်ကုန်တာမွေက ဒါရွလ်အူလွန်အာရဗီကျောင်း နဲ့ ရွှေဘိုကန့်ဘလူက အရဗီကျောင်းအပြင် ကျောင်းတွေအများကြီး ရှိခဲ့ပါတယ်။ မော်လဝီဆိုတဲ့ အာလင်မ်ပညာရှင်ဘွဲ့ (စနဒ်) ယူပြီးခဲ့တဲ့ မော်လဝီတွေ မနည်းပါ။ အဲဒီမော်လဝီတွေဟာ ဗမာမွတ်စလင်မ်အကျိုးကို ဘယ်ရွေ.ဘယ်မျှ စွမ်းဆောင်နိုင်ခဲ့သလဲ ဆန်းစစ်ကြည့်က သိနိုင်ပါတယ်၊ တကယ်တန်း မြန်မာနိုင်ငံသားတွေလိုတဲ့ ပညာရှင် ဆိုတာ ဘယ်လိုဟာမျိုးလဲ။
လွန်ခဲ့တဲ့ ဆယ်စုနှစ် (၂)ခုလောက်ကစပြီး မြန်မာနိုင်ငံမှာ ခေတ်ပညာနဲ့ ဥပဒေ၊ သိပံ္ပ၊ စီးပွားရေး၊ အင်ဂျင်နီယာ၊ ဆေးပညာ စတဲ့ဘွဲ့ရတွေ အများကြီးဖြစ်လာတာ ရှိပါတယ်။ သူတို့တွေဟာ မြန်မာမွတ်စလင်မ်များရဲ. အသိပညာကြွယ်ဝရေး၊ အစ္စလာမ်ကို သိပ္ပံနည်းကျ နားလည်ရေးအတွက် တစ်ဆင့်ပို့ချပေးဖို့ ကိုယ်တိုင် အာရဗီစာပေကို နားလည်အောင်သင်ယူတယ်။ ကုရ်အာန်ကို နားလည် အောင်သင်ယူတယ်။ သူတို့ ဆည်းပူး သင်ယူခဲ့တာတွေ တဆင့်ပို့ချဖြန့်ဖြူးဘို့ ကြိုးစားကြတယ်။ (အဲဒီ ပုဂ္ဂိုလ်တွေထဲမှ ဟဒီးစ်ကို လက်မခံတဲ့ အုပ်စုမပါပါ၊ အဟ့်လေစွန္နတ် ဂျမာအတ်ဝင် ကုရ်အာန်နဲ့ ဟဒီးစ် ပညာရပ်တွေ လက်ခံသူတွေကိုသာ ဆိုလိုပါတယ်)။
အချို. အီဂျစ်နိုင်ငံ အလ်ဟာဇရ်တက္ကသိုလ်၊ ဆော်ဒီနိုင်ငံရှိ တက္ကသိုလ်နှင့် ပါကစ္စတန်၊ အိန္ဒိယ စတဲ့ နိုင်ငံများက တက္ကသိုလ်တွေမှာ ပညာဆည်းပူးလာခဲ့ကြပြီ၊ မြန်မာမွတ်စလင်မ်များ၏ အကျိုးကို သယ်ပိုးလိုပင်မဲ့ ကျောင်းတော်ကြီးဝါဒသမားတွေ၊ ကုရ်အာန် ဟဒီးစ်နဲ့ တမန်တော်၏ဘဝဖြစ်စဉ် ကိုသာ သင်ယူလာပြီး၊ သိပံ္ပံ၊ သမိုင်း၊ ပထဝီ စတဲ့အလ္လာဟ်ဖန်ဆင်းထားတဲ့ (အာလင်မ်) စကြာဝဋ္ဌာ အကြောင်းမသိကြလို့ ခေတ်အမြင် ခေတ်အတွေး မရှိကြလို့ စာအုပ်ကြီးအတိုင်း ကျင့်သုံးကြတဲ့ ပညာရှင်အမည်ခံ ပုဂ္ဂိုလ်တွေရဲ. ထိုးနှက်မှုကြောင့် ရှေ.မတိုးသာ နောက်မဆုတ်သာလို့ ဘေးရောက်ကြရတာတွေလဲ ရှိကြပါတယ်။
ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံတို့က အစ္စလာမ်ကမ္ဘာမှာ ကျော်ကြားခဲ့တဲ့ ပညာရှင်များဟာ (ရှရီအတ်) ကုရ်အာန်နဲ့ ဟဒီးစ်တွေကို ဖွင့်ဆိုကြတဲ့ နေရာမှာ သူမတူအောင် အသိပညာ အမြော်အမြင် ကြီးကြတယ်။ ကမ္ဘာမှာ ယနေ့ အစ္စလာမ်အသိပညာနဲ့ မွတ်စလင်မ်တွေကို ဦးဆောင်လမ်းညွှန် နေတဲ့ ပညာရှင်များဟာ သိပ္ပံနဲ့ တွေးခေါ် မြော်မြင်မှု အပြင် ဦးဆောင်မှုပညာများကိုလဲ ကုရ်အာန် နှင့် တမန်တော်မြတ်ကြီးရဲ. လမ်းညွှန်မှု ဘောင်အတွင်းက အစွန်းမရောက်၊ ဦးဆောင်ပေးနိုင် ကြတာ တွေ့နိုင်တယ်။ အစ္စလာမ်ဟာ ကျင့်သုံးရာမှာ လွယ်ကူပွင့်လင်းပြီး လူသားတွေကို လူသားနဲ့တူအောင် အလ္လာဟ်အရှင်အလိုရှိတော်မူတဲ့ပုံစံမျိုး လူသားအကျိုးပြု လမ်းစဉ်သာ ဖြစ်တယ်။ အခြေခံဝါဒီတွေ၊ အစွန်းရောက်ဝါဒီတွေဟာ အစ္စလာမ်ကို အထင်အမြင် လွဲမှားအောင် လုပ်နေကြသူတွေ ဖြစ်တယ်လို့ ယူဆတယ်။ မြန်မာမွတ်စလင်မ်တွေဟာ ဒီဝါဒီတွေရဲ. ကျော့ကွင်းထဲ မရောက်အောင် အစ္စလာမ်ကို အမြော်အမြင်ကြီးစွာ သိနားလည်အောင် လမ်းညွန် ပေးနိုင်မဲ့ ပညာရှင်တွေ လိုအပ်နေတယ်ဆိုတာတော့ အားလုံးလက်ခံကြမှာပါ။
ယနေ့ကမ္ဘာမှာ သတင်းနည်းပညာခေတ်ရောက်နေပြီ၊ ကမ္ဘာအဝန်း သတင်းအချက်အလက်များက မိနစ်၊ စက္ကန့်ပိုင်းအတွင်း တောကြိုတောင်ကြားတွေအထိ ရောက်နေပေပြီ။ တိုးတက်တဲ့ မွတ်စလင်မ် အသိုင်းအဝိုင်းကလဲ ကတစ်ဆင့် အစ္စလာမ်အသိပညာတွေ ပို့ချပေးနေကြပြီ၊ Internet ကိုအသုံးချပြီး မွတ်စလင်မ်လောကကို ကမောက်ကမဖြစ်အောင် လုပ်သူတွေလဲရှိနေပြီ သတိချပ်ဖို့ပါ။ ဆိုလိုတာက ကျွမ်းကျင်ပညာရှင်မဟုတ်သူက ကုရ်အာန် ဟဒီးစ်များကို မိမိ ပင်ကိုယ်အသိနဲ့ ပြန်ဆိုရေးသားပြီး တင်ပြနေတယ်ဆိုတာ စတင်တွေ့ရှိနေရလို့ သတိပေးရပါတယ်။
မြန်မာမွတ်စလင်မ် ဦးစီးခေါင်းဆောင်များ၊ ပညာရှင်များကို အကြံပြုတိုက်တွန်းလိုတာက မြန်မာမွတ်စလင်မ်များ (အဟ့်လေစွန္နတ်ဂျာမာတ်ဝင်)ကို ကုရ်အာန်ကညွှန်တဲ့ သွန်သင်ထားတဲ့ အစွန်းမရောက် အသိပညာတွေကို ခေတ်နဲ့ ရင်ဘောင်တန်းပြီး သင်ယူဆည်းပူးလေ့လာနိုင်တဲ့ ကျောင်းတွေ၊ တက္ကသိုလ်တွေ၊ သင်တန်းတွေ ဖြစ်ပေါ်လာအောင် ကြိုးစားကြပါလို့ အကြံပြုပြပါတယ်။
(ကမ္ဘာလူသားတွေရဲ. ဦးနှောက်က အလွန်ဖွံ့ဖြိုးတိုးတက်လာပြီဆိုတာလဲ သတိချပ် သင့်ပါတယ်) ယုတ္တိမတန်တာတွေ၊ အစွန်းရောက်ပညာနဲ့ စကားရပ်တွေ၊ လောကီရေး အရေးမပါဘူး လေကုတ္တရာရေးသာ အရေးကြီးတယ်ဆိုတဲ့ အပြောတွေဟာ ခေတ်မရှိတော့ပါဘူး။
နောက်ဆုံးအဆုံးသတ်လိုတာက မွတ်စလင်မ်ရာနှုန်းပြည့် နေ့စဉ်တောင်းဆိုနေတဲ့ “အို-မွေးမြူ ဖန်ဆင်းတော်မူသော အရှင်၊ ကျွန်တော်မျိုးတို့ကို ဒွန္နယာ-လောကီ ကောင်းကျိုးနဲ့ နောင်ဘဝ-အာခေရတ် ကောင်းကျိုးချမ်းသာကို ပေးသနားတော်မူပါ၊ အပယ်ငရဲ (ဂျဟနမ်)မှ ဖယ်ရှားပေးတော်မူပါ”ကို တောင်းဆိုမှု အတိုင်း လူသားတိုင်းဟာ လူသားကောင်းကျိုးလုပ်မှ လောက အကျိုးကို ခံစားရမယ်၊ လောကမှာ အကောင်း လုပ်ခဲ့ရင် အာခေရတ်လဲ မုချကောင်းမှာပါ၊ စဉ်းစားပါစို့ဟု တင်ပြသုံးသပ်ရင်း နိဂုံးချုပ်ပါတယ်။

အလ်ဟာဂ်ျ ဦးကျော်ဖေ