အစ္စလာမ့်စာပေရေစီးကြောင်းမှာ “အစ္စလာမ်သာသနာနဲ့ ဗုဒ္ဓ၀ါဒ” ကို ဘယ်လိုနှိုင်းယှဉ်ဖော်ပြကြမလဲလို့ ကျွန်မ စောင့်ကြည့်နေခဲ့မိပါတယ်။ ဒါပေမဲ့ မတွေ့ခဲ့ရပါဘူး။ နှိုင်းယှဉ်ဖော်ပြထားတာတွေ ရှိကောင်းလည်း ရှိပါလိမ့်မယ်။ ကျွန်မ လေ့လာမိခဲ့သလောက်ကတော့ မရှိသလောက်ကို နည်းပါးလှပါတယ်။ “အစ္စလာမ်သာသနာနဲ့ ခရစ်ယာန်သာသနာ” ၊ အစ္စလာမ်သာသနာနဲ့ ဟိန္ဒူဝါဒ” စသည်ဖြင့်ပဲ တွေ့နေရပါတယ်။ တကယ်တမ်း ကျွန်မတို့က မြန်မာနိုင်ငံမှာ နေထိုင်ရတော့ကာ မြန်မာနိုင်ငံရဲ့ အဓိက၀ါဒတစ်ခုဖြစ်တဲ့ “ဗုဒ္ဓ၀ါဒ” နဲ့ နှိုင်းယှဉ်ပြီး ဖိတ်ခေါ်ရမှာဖြစ်တဲ့အတွက် လေ့လာဖို့ လိုအပ်လှပါတယ်။ အဲ့လိုအဲ့လို အကြောင်းတွေကြောင့် ကျွန်မသိသလောက် “ဗုဒ္ဓ၀ါဒ နဲ့ အစ္စလာမ်သာသနာ” ကို နှိုင်းယှဉ်ပြချင်တဲ့ တွင်းအဇ္စုတ္တသဏ္ဍာန်မှ စိတ်ရင်းစေတနာများက တဖွားဖွား ပေါ်ပေါက်လာမိပါတယ်။ အဲ့ဒါကြောင့်ပဲ……………..။
ကျွန်မအနေနဲ့ “ဗုဒ္ဓ၀ါဒ” လို့ ခေါင်းစဉ်တပ်ရခြင်း အကြောင်းရင်းကို ဦးဆုံးပြောပြချင်ပါတယ်။ ရှင်တော်ဂေါတမ္မဗုဒ္ဓရဲ့ သွန်သင်မှုတွေကို လေးစားလိုက်နာသူတွေကို ဗုဒ္ဓ၀ါဒီလို့ခေါ်ပါတယ်။ တနည်းအားဖြင့်တော့ “ရှင်တော်ဂေါတမ္မဗုဒ္ဓ” ဆိုတဲ့ အတွေးအခေါ်ရှင်တစ်ယောက်က တည်ထောင်ခဲ့တဲ့ နည်းစနစ်တစ်ခု ဖြစ်တဲ့အတွက် ၀ါဒတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ တည်ထောင်သူကို အစွဲပြုပြီး ခေါ်ဆိုတာပါပဲ။ ဥပမာအားဖြင့် ပြောရမယ်ဆိုရင် Evolution Theory ( အီဗိုလူးရှင်းသီအိုရီ) ကို တည်ထောင်သူ Charles Darwin ( ချားလ်စ်ဒါဝင်) ကို အစွဲပြုပြီး Darwinism ( ဒါဝင်ဝါဒ) လို့ သုံးနှုံးလိုက်တဲ့ သဘောတရားလိုပါပဲ။ နောက်တစ်ချက်ကတော့ ရှင်တော်ဂေါတမ္မဗုဒ္ဓရဲ့ သွန်သင်ချက်များဟာ ကိုယ်ကျင့်တရားဆိုင်ရာ နည်းစနစ်တွေကိုသာ တအား အသားပေးထားတာကို တွေ့ရပါလိမ့်မယ်။ အဲ့ဒါကြောင့် သူ့ရဲ့သွန်သင်ချက်တွေကို ဘာသာတရားဆိုတာထက် “ကိုယ်ကျင့်တရားဆိုင်ရာ နည်းစနစ်များ ( Ethical systems)” လို့ပြောရင် ပိုပြီးသင့်လျော်ပါလိမ့်မယ်။
ဗုဒ္ဓ၀ါဒဆိုင်ရာ ကျမ်းဂန်တွေမှာတော့ “ဗုဒ္ဓ၀ါဒ” လို့ တိုက်ရိုက်သုံးစွဲထားခြင်း မရှိပါဘူး။ သမ္မာဒိဋ္ဌိ ( မှန်ကန်သော အယူအမြင်) လို့သာ သုံးစွဲထားတာကို တွေ့ရပါလိမ့်မယ်။ “ဗုဒ္ဓ” ဆိုတဲ့ စကားလုံးကို အင်္ဂလိပ်- မြန်မာ အဘိဓာန်ကျမ်းပြုစုသူ ဆရာကြီး ယုဒဿန်က စတင်တီထွင်သုံးစွဲခဲ့တယ်လို့ အချို့သူတွေက ယူဆကြပါတယ်။ “ဗုဒ္ဓ” ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်က “သဗ္ဗညု” ပါ။ “သဗ္ဗညု” ရဲ့ အဓိပ္ပါယ်ကို ပြောရရင်တော့ “ အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်ခြင်း” ပါ။ အဲ့ဒီဥာဏ်တော်ကို ပိုင်ဆိုင်ထားတဲ့ ကိုယ်တော်ဂေါတမ္မကို “ဂေါတမ္မဗုဒ္ဓ” ရယ်လို့ ခေါ်ဝေါ်လိုက်ခြင်းပါပဲ။ ဒါကြောင့် အကောင်းအဆိုးအကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သော အမြင်ရှိသူများကို “သမ္မာဒိဋ္ဌိကများ” လို့ပဲခေါ်ခေါ် “ဗုဒ္ဓ၀ါဒီများ” လို့ပဲ ခေါ်ခေါ် အတူတူပါပဲ။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ဝါဒကို စတင် လေ့လာမယ်ဆိုရင်တော့ သူ့ရဲ့ ဘ၀ဖြစ်စဉ် သမိုင်းကြောင်းတွေကိုတော့ ချန်ထားလို့လည်း မဖြစ်ချေဘူးနော။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ ဘ၀ဖြစ်စဉ်တွေကိုတော့ အမျိုးမျိုး ပုံဖော်ရေးသားကြတယ်။ ခက်တာက ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ သမိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာတွေက ဘယ်ဟာက အမှန်၊ ဘယ်ဟာက အမှားရယ်လို့ အတိအကျ ခွဲခြားမပြနိုင်လောက်အောင် ရှုပ်ထွေးနေတယ်ဆိုတာပါပဲ။ အဲ့ဒီထဲကနေပြီး ယေဘုယျကျမဲ့ အချက်အလက်တွေနဲ့သာ နှိုင်းယှဉ်ဆုံးဖြတ်ကြဖို့ သင့်တော်မယ်လို့ ထင်ပါတယ်။ ကျွန်မတို့ အစ္စလာမ်သာသနာမှာလည်း ကွဲလွဲမှုတွေ ရှိပါတယ်။ ၀ိရောဓိတွေပေါ့လေ။ ဒါပေမဲ့ ဖြစ်နိုင်၏၊ မဖြစ်နိုင်၏ ဆိုတာကိုတော့ သုံသပ်ဆင်ခြင်ရပါမယ်။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ မျိုးရိုးနာမည် (Family name) ကတော့ “ဂေါတမ္မ” ပါတဲ့။ နောက်ထပ်မှည့်ခေါ်ကြတဲ့ အမည်ကတော့ “သိဒ္ဓတ္ထ” ပေါ့။ “သိဒ္ဓတ္ထ” ရဲ့ မူရင်းအနက်ကတော့ “ရည်ရွယ်ချက်များကို ပြီးမြောက်အောင်မြင်စေသူ” တဲ့။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓ ကတော့ သူ့ကိုယ်သူ “အမှန်တရားအတွက် ရောက်ရှိလာသူ” ( သေတကေတု) လို့ မှည့်ခေါ်ထားပါတယ်။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ ကပိလ၀တ်ပြည်မှာ မွေးဖွားခဲ့တယ်။ အဲ့ဒီပြည်ကို သူ့ရဲ့ခမည်းတော်(ဖခင်) “သုဒ္ဓေါဒန” မင်းကြီးက စိုးမိုးအုပ်ချုပ်ခဲ့တယ်။ သူ့ခမည်းတော်ကြီးရဲ့ မူလရည်ရွယ်ချက်ကတော့ သားတော်လေး “သိဒ္ဓတ္ထမင်းသားလေး” (ကိုယ်တော်ဂေါတမ္မဗုဒ္ဓ) ကို တိုင်းပြည်အုပ်ချုပ်ဖို့ မင်းကောင်းမင်းမြတ်တစ်ပါး ဖြစ်စေချင်တာပါပဲ။ ဒါကြောင့်လည်း သားတော်လေးကို စကြမုနိ( စကြလူမျိုးတို့ရဲ့ ခေါင်းဆောင်) လို့ အမြဲတမ်း ခေါ်လေ့ရှိခဲ့တယ်။ ကိုယ်တော်ဂေါတမ္မဗုဒရဲ့ မယ်တော်( မိခင်) အမည်က မယ်တော်မာယာပါ။
အဲ့ဒီမှာ အငြင်းပွားဖွယ်တစ်ခုကို တွေ့ရပါတယ်။ ကုရ်အာန်ကျမ်းမြတ်ထဲမှာ ဖော်ပြထားတဲ့ “ဇွလ်ကဖ်လိ” ဆိုတဲ့ စကားလုံးဟာ ကိုယ်တော်ဂေါတမ္မဗုဒ္ဓကို ရည်ညွှန်းတာဖြစ်တယ်လို့ အချို့သော မွတ်စ်လင်မ်ပညာရှင်များက ဆိုထားပါတယ်။ ကျမ်းမြတ်ကုရ်အာန်အတွင်းက “ဇွလ်ကာရ်နိုင်း” ဆိုတဲ့ စကားလုံးကို “ကာရ်နိုင်းအရပ်ကို စိုးပိုင်တော်မူသော ပြည့်ရှင်မင်း” လို့ ဘာသာပြန်ထားပေမဲ့ “ဇွလ်ကဖ်လိ” ဆိုတဲ့ စကားလုံးကိုတော့ ဘာသာပြန်ထားခြင်း မရှိတာကို တွေ့ရပါမယ်။ “ဇွလ်ကဖ်လိ” ဆိုတဲ့စကားလုံးကို (၂၁း၈၅) နဲ့ (၃၈း၄၈) မှာ နှစ်ကြိမ်တောင် ဖော်ပြထားပါတယ်။ အာရဗီစကားမှာ “ပ” သံ မရှိတာကြောင့် ကပိလပြည်ကို “ကဖ်လိ” လို့ ဖော်ပြထားတာ ဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။ အကယ်လို့ “ဇွလ်ကာရ်နိုင်း” ဆိုတဲ့စကားလုံးကို ဘာသာပြန်သလိုပဲ “ဇွလ်ကဖ်လိ” ကိုလည်း “ကဖ်လိအရပ်ကို စိုးပိုင်တော်မူသော ပြည့်ရှင်မင်းတရား” လို့ ဘာသာပြန်ခဲ့ရင်တော့ ကိုယ်တော်ဂေါတမ္မဗုဒ္ဓကို တမန်တော်တစ်ပါးလို့ ရည်ညွှန်းခြင်းဖြစ်ကြောင်း အငြင်းပွားဖွယ် ရှိပါတယ်။ ( အလ္လာဟ်အရှင်မြတ်သာလျှင် အသိဆုံးဖြစ်တော်မူပေသည်။)
ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ ခမည်းတော်ကတော့ သူ့ရဲ့ မူလရည်ရွယ်ချက်ကို အကောင်အထည်ဖော်ဖို့ အတွက် စပြီးကြိုးစားတော့တာပါပဲ။ သူဟာ တကယ့် ကောင်းပေ့ညွတ်ပေ့ဆိုတဲ့ အရာအားလုံးနဲ့ နန်းတော်ကြီးတစ်ခုကို ဆောက်လုပ်ပြီး ကိုယ်တော်ဂေါတမ္မဗုဒ္ဓကို ရံရွေတော်တွေနဲ့ အပြည့်အစုံထားခဲ့တယ်။ တကယ့်လောကီစည်းစိမ်တွေကို အပြည့်အ၀ ခံစားစေခဲ့တယ်။ အချိန်တန်အရွယ်ရောက်ရင် နန်းစည်စိမ်ကို တပ်မက်ရလေအောင် တနည်းအားဖြင့်တော့ ဘုရင်ဆိုတဲ့ရာထူးကို မက်မောရလေအောင် လေ့ကျင့်ပေးနေတာပေါ့။ ဒါပေမဲ့ ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ မူလစိတ်ရင်းလို့ ဆိုရမလားပဲ။ သူဟာ အပျော်အပါးတွေနဲ့ ရာထူးဂုဏ်သိမ်တွေကို မက်မောခြင်းမရှိတာက ကိုယ်တော့်ရဲ့ မွေးရာပါအသိပါပဲ။ မင်းသားလေးအရွယ်ရောက်လာလေတော့ အခြားတိုင်းပြည်က ဆက်သလာသမျှ မင်းသမီးလေးတွေထဲက “ယသော်ဓယာ” ကို မျက်စိကျခဲ့ပြီး လက်ထပ်ထိမ်းမြားခဲ့ကြတယ်။ သားတော်လေးတစ်ပါးလည်း ထွန်းကားခဲ့တယ်ပေါ့။
အဲ့မှာ ဇာတ်လမ်းက စတော့တာပဲ။ ကျွန်မတို့ သာမာန်အတွေးအခေါ်နဲ့ပဲ တွေးကြည့်ပါ။ လူ့သဘာဝဆိုတာက ချုပ်ချယ်မှုတွေ ရှိနေရင် လွတ်လပ်မှုကို လိုချင်ကြတယ်။ လွတ်လပ်မှုတွေ ရှိပြန်တော့လည်း ချုပ်ချယ်မှုကို တပ်မက်ကြပြန်ရော။ လူဆိုတာက အဲ့လို ဆန့်ကျင်ဘက်သဘာဝလေး ရှိပြန်တော့ အခု ကိုယ်တော်ဂေါတမ္မဗုဒ္ဓလို မင်းသားလေးမျိုးအတွက် ဆိုရင်တော့ ပြောဖို့တောင် လိုမယ်မထင်ဘူး။ ကျွန်မတို့ သာမာန်လူတွေတောင် ချုပ်ချယ်မှုတွေ များလာရင် အဲ့ဒီချုပ်ချယ်မှုတွေနဲ့ ဆန့်ကျင်ဘက်တွေကို ရှာဖွေလာတတ်ကြတာပဲလေ။
နဂိုတည်းကမှ ပျော်ရွှင်မှုတွေကို စက်ဆုပ်နေတဲ့ ကိုယ်တော်ဂေါတမ္မဗုဒ္ဓက ပျော်ရွှင်မှုတွေထဲက လွတ်မြောက်ဖို့အတွက်ကို သူရှာဖွေတော့မှာပဲလေ။ တနေ့မှာတော့ “သူအို၊ သူနာ၊ သူရူး နဲ့ သူသေ” တွေကို တပြိုင်နက်တည်း တွေ့လိုက်ရတဲ့အချိန်မှာ သူတုန်လှုပ်သွားခဲ့တယ်။ သူဟာ တနေ့တနေ့ သူ့ရဲ့ နန်းတော်ထဲမှာပဲ ဒုက္ဒတွေ၊ ရုန်းကန်မှုတွေကို မသိဘဲ မပူမပင် နေလာခဲ့ရတာ။ ပြီးတော့ သူ့ရဲ့စိတ်ကို သွန်သင်ပေးမဲ့ ဘာသာတရားကလဲ မရှိလေတော့ ဖြေသိမ့်ရာမရှိခဲ့ဘူး။ အဲ့ဒီတုန်းကတော့ သူတို့တိုင်းပြည်မှာ နတ်တွေကို ကိုးကွယ်ကြတဲ့ “ဟိန္ဒူဝါဒ” ပဲ ထွန်းကားနေသေးတယ်လေ။ အဲ့လို တွေ့လိုက်ရတဲ့ အချိန်မှာ သူ့အတွေးတွေက ဖြေသိမ့်စရာ မတွေ့တော့တဲ့အတွက် ဖြေသိမ့်ရာကို သူ အာသာငမ်းငမ်းနဲ့ ရှာဖွေချင်ခဲ့ဟန်တူပါတယ်။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ အတွေးအခေါ်တွေက အဲ့ဒီမှာ စလာတော့တာပါပဲ။ (ကျွန်မ ယေဘုယျကျကျ တွေးဆကြည့်တာပါ။)
ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ သက်တော်၂၉နှစ်အရောက်၊ အထက်ကပြောခဲ့တဲ့ လူလေးမျိုးကို အတွေ့မှာပဲ အဲ့ဒီညတွင်းချင်း သူဟာ လောကီဘ၀ကို စိတ်ကုန်သွားခဲ့တယ်။ အဲ့ဒီမှာ သူ့ရဲ့သားတော်နဲ့ မိဖုရားကို တိတ်တဆိတ်ထားရစ်ခဲ့ပြီး တောထွက်သွားခဲ့တယ်။ သူ့ရဲ့ခေတ်မှာ ကျင့်စဉ်အမျိုးမျိုးကို ကျင့်ကြံနေကြတဲ့ “ဟိန္ဒူဂုရု” ကြီးတွေ ၀တ်ဆင်ကြသလိုမျိုး ၀တ်ရုံတစ်ထည်ကို ၀တ်ဆင်ခဲ့ပြီး သူ့ရဲ့အဆောင်အယောင်တွေကို ထားပစ်ခဲ့တယ်။ အဲ့ဒီဝတ်ရုံတစ်ခုကလွဲပြီး ဘာမှကို ယူမသွားခဲ့ပါဘူး။ အဲ့ဒီဝတ်ရုံရဲ့အရောင်က အ၀ါထိန်ထိန်အရောင် ရှိခဲ့သတဲ့။ အခုအခါတော့ “သင်္ကန်း” လို့ ခေါ်တယ်ပေါ့။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓ လိုချင်ခဲ့တာက “သေခြင်း၊ ရှင်ခြင်း၊ ဒုက္ခ၊ သုခ” ဆိုတဲ့ အရာအားလုံးကနေ လွန်မြောက်ရာကိုသာ ဖြစ်တယ်။ ဘာလို့လည်းဆိုတော့ သူဟာ အတိုင်းမသိတဲ့ ပျော်ရွှင်မှုတွေကို ခံစားရပြီး တပြိုင်နက်မှာပဲ ဒုက္ခတွေကို ရုတ်တရက်တွေ့လိုက်ရတော့ လူဆိုတာ ပျော်ပြီးရင် တချိန်ချိန် “သေခြင်း၊ နာခြင်း၊ အိုခြင်း” စတဲ့ ဆင်းရဲဒုက္ခတွေကို ခံရမယ်ဆိုတဲ့ လောကနိယာမကို ဆင်ခြင်လိုက်မိပုံရတယ်။ တကယ်တော့ အဲ့ဒီနိယာမက လူရယ်လို့ ဖြစ်လာကတည်းက ရှိပြီးသားပါ။ ဒါပေမဲ့ သူမသိလိုက်သလို ဖြစ်ခဲ့တာပါ။ သူက မင်းသားလေးတစ်ပါးဆိုတော့ လက်ညှိုးညွှန်ရာ ရွှေဖြစ်နေတော့တာကိုး။ သူ့အဖေကလည်း အဲ့လိုဖြစ်အောင် ထားခဲ့တာဆိုတော့ သူအဲ့လိုတွေ ခံစားရတာ မဆန်းကြယ်လှပါဘူး။
Psychology နည်းနဲ့ ပြောရမယ်ဆိုရင် ကိုယ်တော်ဂေါတမ္မဗုဒ္ဓမင်းသားလေးမှာ “ဒုက္ခ” ဆိုတာနဲ့ ပတ်သက်လို့ အတော်လေး ခံစားလိုက်ရတယ်ဆိုတာပါပဲ။ တနင့်တပိုးကြီးပေါ့။ အဲ့ဒီမှာ အဲ့ဒီ “ဒုက္ခ” ဆိုတဲ့ အရာကြီးကနေ လွတ်မြောက်ဖို့ကို ရှာဖွေတော့တာပဲ။ လွတ်မြောက်ရာလမ်းလည်း ရှိတယ်လို့ သူအပီအပြင်ကို ယုံကြည်ခဲ့တယ်။ အဲ့ဒီမှာ သူ့ရဲ့ဝါဒဟာ ဖန်ဆင်းရှင်ဝါဒနဲ့ စပြီးလွဲတော့တာပဲ။
အဲ့ဒီခေတ်အခါတုန်းက ကိုယ်တော်ဂေါတမ္မဗုဒ္ဓတို့ တိုင်းပြည်မှာ ထွန်းကားနေတာက “ဟိန္ဒူဝါဒ (ဗြဟ္မဏ၀ါဒ) နဲ့ ဂျိမ်းဝါဒ” ပေါ့။ ဒါကြောင့်လည်း သူဟာ အဲ့ဒီဝါဒတွေကိုသာ အခြေခံပြီး သူ့ရဲ့အတွေးအခေါ်တွေကို ဆန်းစစ်ခဲ့တာပါပဲ။ အဲ့ဒီဝါဒတွေကို တိုက်ဖျက်ချတဲ့ အတွေးအခေါ်မျိုးဆိုပေမဲ့ ကိုယ်တော်ဂေါတမ္မဗုဒ္ဓအပေါ်ကို အဲ့ဒီဝါဒတွေက လွှမ်းမိုးထားတာကို တွေ့ရပါတယ်။ ဘယ်လိုပဲ မတူညီဘူးပြောပြော၊ ကွဲပြားတယ်လို့ပဲ ဆိုဆို အခြေခံတွေကတော့ တူနေတယ်ဆိုတာ ငြင်းလို့မရပါဘူး။
ဥပမာဆိုပါတော့။ “ကံ၊ ကံ၏ သဘောတရားတို့၊ နောက်ပြီး လူတွေဟာ သေပြီးနောက် ၀ိညာဉ်ဟာ အခြားဘ၀ကို ကူးပြောင်းသွားပြီး သံသရာလည်ခြင်း” တို့ ဆိုတဲ့ သဘောတရားတွေဟာ အတူတူပဲဆိုတာ တွေ့ရပါတယ်။ ခေတ်သစ်ဗုဒ္ဓ၀ါဒီတွေကတော့ ငြင်းချက်ထုတ်ပါတယ်။ (အဲ့ဒီအကြောင်းတွေကို ၀င်းသိန်းဦးရေးတဲ့ ရှေးဘ၀နောက်ဘ၀ ဗုဒ္ဓမဝေဖန် ဆိုတဲ့ စာအုပ်မှာ ဖတ်ရှုနိုင်ပါတယ်။) ဒါကြောင့်လည်း ဗုဒ္ဓ၀ါဒရဲ့ သံသရာလည်ပုံရယ်၊ သက်သက်လွတ်စားတာတွေရယ်က “ဟိန္ဒူဝါဒနဲ့ ဂျိမ်းစ်ဝါဒ” ကို ရောသမမွှေထားသလို ဖြစ်နေတာပေါ့။
အဲ့မှာပြောစရာအချက်တစ်ခု ရှိပါသေးတယ်။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ “တက္ကိဗေဒ” ဆိုင်ရာ အကြောင်းအရာများကို လုံးဝမဆွေးနွေးခဲ့တာပဲ။ “တက္ကိဗေဒ” ဆိုတာ လောကကြီးမှာရှိတဲ့ သဘာဝတရားတွေရဲ့ တည်ရှိခြင်းကို ဆန်းစစ်လေ့လာတဲ့ အတွေးအခေါ်ပါပဲ။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ သဘာဝကြီးဟာ ဘယ်လိုဖြစ်တည်လာလဲဆိုတဲ့ အချက်ကို လုံးဝဆွေးနွေးထားခြင်း မရှိပါဘူး။ နောက်ပြီး ဖန်ဆင်းရှင်ရှိ၏၊ မရှိ၏ ဆိုတာကိုလည်း လုံးဝဆွေးနွေး ငြင်းပယ်ထားခြင်း မရှိပါဘူး။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ သူ့ခေတ်သူ့အခါက “ဟိန္ဒူ” တို့ရဲ့ ရုပ်ထုကိုးကွယ်မှုကို အဓိကထားဆန့်ကျင်ခဲ့တဲ့ အတွေးအခေါ်ရှင်တစ်ယောက်သာ ဖြစ်ခဲ့တယ်။ ဒါကြောင့် သူဟာ နေရာတစ်ခုလည်း အလျဉ်းမဟုတ်တဲ့၊ ဒုက္ခ၊ သုခ၊ အနိစ္စ၊ အနတ္တ စတဲ့ အကြောင်းအရာတွေက လွန်မြောက်ရာတစ်ခုဖြစ်တဲ့၊ ကိုင်တွယ်စမ်းသပ်လို့လည်း မရတဲ့ စိတ္တဇနာမ်တစ်ခုဖြစ်တဲ့ နိဗ္ဗာန် ( လွတ်မြောက်ခြင်း) ( Salvation) ကိုသာ ရှာဖွေခဲ့ပါတယ်။
ဒါပေမဲ့ သူဟာ လွတ်မြောက်ရာလမ်းကို ရှာဖွေဖို့အတွက်ကို သူလုပ်တဲ့အတိုင်း လုပ်ပါ၊ သူလုပ်တဲ့နည်းလမ်း၊ သူရှာဖွေတဲ့ နည်းလမ်းသည်သာ အမှန်လို့ သူ မပြောခဲ့တာတော့ သိပ်ပြီး ထင်ရှားပါတယ်။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ သူမသေဆုံးမီ ( ပရိနိဗ္ဗာန်မစံမီ) သူ့ရဲ့ သာဝကတွေကို နောက်ဆုံးပြောခဲ့တဲ့ နှုတ်ဆက်စကားကို ကြည့်ခြင်းအားဖြင့် ကိုယ်တော်ရဲ့ စိတ်ရင်းအမှန်ကို သိနိုင်ပါတယ်။ အဲ့ဒီစကားက “အရာဝတ္တုအားလုံးတို့သည် မုချပျက်စီးကြရမည်သာတည်း။ သင်တို့၏ လွတ်မြောက်ရာလမ်းကို သင်တို့ကိုယ်တိုင်ပင် စိတ်ကြိုက်ရှာဖွေကြလေကုန်။” တဲ့။ ဘယ်လောက်လှတဲ့ စကားလဲဆိုတာ တွေးကြည့်ပါ။ ဒီလောက်အထိကို ကိုယ်တော်က လမ်းဖွင့်ပေးခဲ့တာတောင်မှ လူတွေက….။ သူ့ရဲ့ သာဝကတွေက သူ့ကို လျှောက်တင်ကြတယ်။ “နိဗ္ဗာန်” ဆိုတာ ဘယ်လို ဟာမျိုးလဲပေါ့လေ။ အဲ့ဒီမှာ ကိုယ်တော်ဂေါတမ္မဗုဒ္ဓက “မီးတောက်ဥပမာ” သုံးပြီး ဖြေကြားခဲ့တယ်။ “မီးတောက်တစ်ခုကို ရေနဲ့ငြိမ်းသတ်လိုက်တဲ့အခါ မီးတောက်ဟာ ငြိမ်သက်သေဆုံးသွားသလိုပဲ” လို့ ပြန်ဖြေခဲ့တယ်။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ အရင်ဦးဆုံး “ဟိန္ဒူဝါဒ” ကို စတင်လေ့လာ လိုက်စားပါတယ်။ လက်တွေ့လည်း ကျင့်ကြံအားထုတ်တယ်။ ဒါပေမဲ့ သူကြုံတွေ့နေရတဲ့ သူ့ရဲ့ ပြဿနာအတွက် အားရကျေနပ်ဖွယ်ကောင်းတဲ့ အဖြေကို သူမတွေ့ခဲ့ပါဘူး။ ဆာဒူးကြီးများ ကျင့်ကြံအားထုတ်သလို “ဒုက္ခစရိယာ” ကိုလည်း ကျင့်ကြံခဲ့သေးတယ်။ ဒါပေမဲ့ အဆင်မပြေခဲ့ပါဘူး။ အဲ့ဒီမှာ အခြားနည်းလမ်းတွေကို သူရှာဖွေစဉ်းစားခဲ့ရင်းနဲ့ သူ့ရဲ့ ကိုယ်ပိုင်နည်းကို တွေ့ရှိခဲ့တယ်။ အဲ့ဒါကတော့ မဇ္ဈိမပဋိပဒါလမ်းစဉ် ဖြစ်တဲ့ အစာအဟာရကို ပုံမှန်စားသောက်ရင်း ကျင့်ကြံအားထုတ်ခြင်းပါပဲ။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ သူ့ရဲ့ ကိုယ်ပိုင်နိဗ္ဗာန်ကို တရားလေးပါးအားဖြင့် အခြေခံပြီး ရှာဖွေခဲ့တယ်။ အဲ့ဒီတရား (၄) ပါးက သစ္စာတရားလေးပါး ပါ။
(၁) ဒုက္ခသစ္စာ။
(၂) သမုဒယသစ္စာ။
(၃) နိရောဓသစ္စာ နဲ့
(၄) မဂ္ဂသစ္စာ ဆိုပြီး အမှန်တရားလေးခုကို အခြေခံထားပါတယ်။
တဆက်တည်းမှာပဲ ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ လူတွေရဲ့ မွေးဖွားလာခြင်းက စလို့ သေဆုံးခြင်းတိုင်အောင် ဘ၀တလျှောက်လုံးမှာ ဒုက္ခနဲ့ ပြည့်နှက်နေတယ်လို့ ယူဆလိုက်တာပါပဲ။ အမှန်တကယ်တော့ ဒါဟာ ကိုယ်တော်ရဲ့ ပုဂ္ဂလိကအမြင်တစ်ခုသာ ဖြစ်တယ်။ အထက်ကပြောခဲ့သလိုပဲ သူဟာ ပျော်ရွှင်မှုတွေကို စက်ဆုပ်တဲ့အတွက် ပျော်ရွှင်မှုတွေပြီးရင် လူတိုင်းကြုံတွေ့ကြရမဲ့ “ဒုက္ခ” (Suffering) ဆိုတဲ့ လောကကြီးရဲ့ နိယာမကို သူအတော်ထိတ်လန့်နေခဲ့တယ်။ ဒါကြောင့် သူ့ရဲ့အမြင်တွေဟာ “ဒုက္ခ” ဆိုတာကို အရမ်းအသားပေးလွန်းနေတာကို တွေ့ရတယ်။ အားလုံးသော အကြောင်းအရာတွေဟာ “ဒုက္ခ” တွေပါဆိုတာကို သုံးသပ်ကြည့်မယ်ဆိုရင် ကျွန်မတို့အနေနဲ့ကတော့ ဘယ်လိုမှ မဖြစ်နိုင်တာကို တွေ့ရပါမယ်။
ဥပမာအားဖြင့် မိန်းမတစ်ယောက် ကလေးမွေးတယ်ဆိုတာက အရမ်းအန္တရာယ်များတဲ့ အလုပ်ပါ။ အဲ့ဒီမိန်းမမှာ “နာကျင်ခြင်းဒုက္ခ” တွေကို ခံစားရပါတယ်။ ဒါပေမဲ့ ကလေးလေးတစ်ယောက်ကို လောကကြီးထဲရောက်အောင် ပို့ဆောင်ပေးဖို့ တာဝန်ကလည်း သူ့မှာရှိနေပြန်တယ်။ လောကကြီးအတွက် အသုံးတည့်ချင်လည်း တည့်မဲ့ ကလေးလေးတစ်ယောက်ကို မွေးဖွားပေးဖို့အတွက် “နာကျင်မှုတွေကို ဒုက္ခ” လို့ သတ်မှတ်လို့ မရပါဘူး။ ဒါကြောင့် အားလုံးဟာ “ဒုက္ခ” ပါပဲ ဆိုတဲ့ အမြင်ဟာ ကိုယ်တော်တစ်ဦးတည်းနဲ့သာ ဆိုင်တဲ့ ပုဂ္ဂလိက အမြင်တစ်ခုလို့ ကျွန်မသတ်မှတ်ချင်ပါတယ်။ လူအားလုံးအတွက်တော့ ဒါဟာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် “ဒုက္ခ” ဆိုတာကို တိုင်းတာလို့ရတဲ့ “ wisdom” ဆိုတာ မရှိနိုင်ပါဘူး။
ဆိုခဲ့သလိုပဲ ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ ပထမဆုံးအဆင့်အနေနဲ့ “ဒုက္ခ” ဆိုတဲ့ ဆင်းရဲခြင်း အစစ်တွေကို ရှာဖွေပါတော့တယ်။ “ဒုက္ခ” ဆိုတဲ့ စကားလုံးက သူ့ဘ၀ကို အတော်လေးလွှမ်းမိုးခဲ့တဲ့အတွက် “မွေးဖွားခြင်းက စလို့ သေဆုံးခြင်းအထိ လူတွေဟာ ဒုက္ခအတိပြီးတယ်” လို့ စတင် ယူဆလိုက်တာပါပဲ။ အဲ့လို ယူဆမှလည်း သူ့အတွေးအခေါ်တွေက ရှေ့ဆက်တွေးလို့ရမဲ့ အနေအထားမှာ ရှိပါတယ်။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ သူဖြတ်သန်းခဲ့တဲ့ ဘ၀အရ စားခြင်းမှ အစပြု၍ အိပ်ခြင်းအထိ ဒုက္ခတရားတွေပဲဆိုတာ သူသုံးသပ်ခဲ့မိတယ်။
“အရာအားလုံးဟာ ဒုက္ခတရားတွေပါ” ဆိုတဲ့ သီအိုရီဟာ ကိုယ်တော်ရဲ့ ပုဂ္ဂလိကသီအိုရီတစ်ခု ဆိုရင်တော့ ကျွန်မအနေနဲ့ ဘာမှ ဆက်ပြီး ဝေဖန်ထောက်ရှုစရာ မရှိပါဘူး။ ဒါပေမဲ့ ဒီသီအိုရီဟာ လူတိုင်းအတွက် မှန်ကန်တယ်လို့ ပြောရင်တော့ ကျွန်မ ငြင်းရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရာဝတ္တုတစ်ခုတည်းကိုပဲ လူတိုင်းရဲ့ သုံသပ်ချက်တွေက တူမှမတူကြပဲလေ။ ဒီသီအိုရီဟာ လူတိုင်းအတွက်ဆိုရင် ကျွန်မ စိတ်ကူးကြည့်မိတယ်။ မိုးလင်းလို့ မျက်စိနှစ်လုံးဖွင့်လိုက်တာနဲ့ “ဒုက္ခ”ဆိုတဲ့ အရာကြီးနဲ့ ဆီးကြိုမျက်နှာသစ်နေရသလို တနေ့လုံး ဒုက္ခနဲ့ပဲ ကြုံဆုံနေရလေတော့ လူဖြစ်ခြင်းဆိုတဲ့ အဓိပ္ပါယ်ဟာ ပျောက်ကွယ်သွားသလားလို့လဲ ထင်မိပါတယ်။
ကျွန်မတို့ရဲ့ အစ္စလာမ်သာသနာမှာတော့ လူဖြစ်ခြင်း သဘောတရားကို အပြည့်အ၀ ထောက်ခံထားပါတယ်။ လူဖြစ်ရတာ “ဒုက္ခ” လို့များ ယူဆခဲ့မိရင်၊ မတည်မြဲတဲ့အရာတွေကနေ ရုန်းထွက်ဖို့ ကြိုးစားမိခဲ့ရင်၊ နိဗ္ဗာန်ကို တစ်ယောက်တည်း ရှာဖွေနေခဲ့ရင် ကမ္ဘာကြီး စိမ်းလန်းစိုပြေအောင်၊ တိုးတက်အောင် ဘယ်လိုလုပ်နိုင်တော့မှာလဲ။ ခေတ်တစ်ခေတ်ဆိုတာ လူတွေက ဖန်တီးတာပါ။ ခေတ်တစ်ခေတ်ရဲ့ တိုးတက်ခြင်းကို လူမျိုးတွေရဲ့ ယဉ်ကျေးမှုနဲ့ပဲ တိုင်းတာတာပါ။ ဒါကြောင့် လူဟာ အဓိကပါပဲ။ ကမ္ဘာကြီးတိုးတက်မှုအတွက် အရေးကြီးဆုံး အခန်းကဏ္ဍမှာ လူဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။
ဒါကြောင့်လည်း အလ္လာဟ်အရှင်မြတ်က ကျမ်းတော်မြတ်ကုရ်အာန်မှာ လူတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို နေရာပေါင်းများစွာမှာ ဖော်ပြထားပါတယ်။ “ အလ္လာဟ်အရှင်မြတ်သည် ကမ္ဘာမြေပြင်၌ စီိမံအုပ်ချုပ်ရန် အလို့ငှာ လူသားတို့၏ ဘခင် အာဒမ်အား မိမိ၏ ကိုယ်စားလှယ်တော်အဖြစ် ချီးမြှင့်တော်မူသည်။” ကုရ်အာန် ( ၂း၃၁ , ၅၅း၂-၄, ၉၆း ၄-၅) အရဆိုရင် လူသားတွေရဲ့ အခန်းကဏ္ဍဟာ သိပ်အရေးပါတယ်ဆိုတာ ထင်ရှားပါတယ်။ တဆက်တည်းမှာပဲ လောကကြီးကို စီမံအုပ်ချုပ်နိုင်ကြဖို့အတွက် ပညာများကို သင်ကြားဖို့လည်း တိုက်တွန်းထားကြောင်းကို ကုရ်အာန် ( ၂၉း ၄၃, ၃၅း၂၈, ၅၈း၁၁) တို့မှာ တွေ့နိုင်ပါတယ်။
တဖန် လူတစ်ယောက်ရဲ့ မွေးရာပါတာဝန်ဖြစ်တဲ့ အိမ်ထောင်သားမွေးမှုကိုလည်း အချိန်ကာလအလိုက်ပြုလုပ်ကြဖို့ကိုလည်း ထပ်မံတိုက်တွန်း ထားပါတယ်။ အဲ့လိုနည်းလမ်းမျိုးနဲ့သာ လောကကြီး စည်ပင်သာယာဝပြောစေကြောင်းကိုလည်း (၄း၁) မှာ တွေ့နိုင်ပါတယ်။ လောကုတ္တရာကို အထွေအထူး တကူးတက ရှာဖွေနေစရာ မလိုဘဲ သာသနာရဲ့ သွန်သင်ချက်အတိုင်း နေထိုင်အသက်ရှင်နေရုံနဲ့ပဲ လောကီလောကုတ္တရာ နှစ်ဖြာသော အကျိုးကျေးဇူးများကို ရရှိပြီး ဖြစ်ပါတယ်။
ဒါ့အပြင် မွတ်စ်လင်မ်တစ်ယောက်ရဲ့ “ဒုက္ခ” ရော “သုခ” ပါ အလ္လာဟ်အရှင်မြတ်ဘက်က လာတယ်လို့ ယူဆထားတဲ့အတွက် ကျွန်မတို့အတွက်တော့ အချည်းအနှီးဆိုတာ မရှိပါဘူး။ အဲ့ဒီအကြောင်းကို “ အလ္လာဟ်အရှင်မြတ်သည်တခါတရံ ဒုက္ခပေး၍ စမ်းသပ်တော်မူ၏။ တခါတရံ သုခချမ်းသာပေး၍ စမ်းသပ်တော်မူ၏။” ကုရ်အာန် ( ၂၁း၃၅) မှာ အစ္စလာမ်သာသနာဝင်တို့ကို ဖြေသိမ့်ထားတာကို တွေ့ရပါတယ်။ “ဒုက္ခ” ဆိုတာဟာ မွေးရာပါတစ်ခုမဟုတ်ဘဲ မိမိတို့လက်နဲ့သာ မိမိတို့ပြုလုပ်တဲ့ အပြစ် ဖြစ်ကြောင်းကိုလည်း ကုရ်အာန် (၃၀း၄၁) မှာ အတိအလင်း တွေ့နိုင်ပါတယ်။ ဒါကြောင့် မိမိကိုယ်မိမိ ထိန်းသိမ်းသင့်ကြောင်းကိုလည်း တဆက်တည်းမှာပဲ ကုရ်အာန် ( ၄း၂၉) မှာ အမိန့်ရှိထားပါတယ်။ ဒါကြောင့် အစ္စလာမ်သာသနာဟာ လူသားပီသခြင်းကိုသာ ဦးစားပေးသင်ကြားပေးတဲ့ သာသနာဖြစ်လို့ အရှင်သန်ဆုံးသာသနာတစ်ခု ဖြစ်နေတာ မဆန်းလှပါဘူး။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ “ဒုက္ခတရားအမှန်” တွေကို တွေ့ရှိပြီးတဲ့နောက် “ဒုက္ခတရား” ကို အဓိကဖြစ်စေမဲ့ အကြောင်းတွေကို ထပ်မံရှာဖွေလာပါတယ်။ ဒါမှသာ သူဟာ “လွတ်မြောက်ခြင်း (နိဗ္ဗာန်)” ကို ရှာဖွေနိုင်မှာမို့ပါ။ အဲ့ဒီမှာ သူဘာကို ထပ်တွေ့လဲဆိုတော့ “ဒုက္ခ” တွေကို ဖြစ်ပေါ်စေတဲ့ အဓိကတရားခံဟာ “တဏှာ( တပ်မက်ခြင်း)” ပဲ ဖြစ်တယ်လို့ ယူဆလိုက်ပြန်တယ်။ ပြီးတော့ “တဏှာ” ဆိုတာက “အ၀ိဇ္ဇာ” ကြောင့် ဖြစ်ရတယ်လို့ ယူဆခဲ့တယ်။ “အ၀ိဇ္ဇာ” ဆိုတာက “အသိပညာမဲ့မှု” ပါ။ စွဲလမ်းသင့်မှန်း မသင့်မှန်း၊ တပ်မက်သင့်မှန်း မသင့်မှန်း ခွဲခြားသိမြင်နိုင်ခြင်း မရှိတာကို အ၀ိဇ္ဇာလို့ ခေါ်ပါတယ်။ ဒါကြောင့် “ဆင်းရဲဒုက္ခ” တွေကို မြင်အောင် ကြည့်ခိုင်းပါတယ်။” “ဒုက္ခ” ကို မြင်အောင်ကြည့်ရင် “ဒုက္ခ” ကို တွေ့မယ်။ “ဒုက္ခ” ကို တွေ့ရင် “ဒုက္ခဖြစ်စေတဲ့အကြောင်း” ကို သိမယ်ပေါ့။ ဒုက္ခဖြစ်စေတဲ့ အကြောင်းအရင်းအမှန်ကိုတော့ “သမုဒယသစ္စာ” လို့ ခေါ်ပါတယ်။
“တဏှာ” ဆိုတဲ့ နေရာမှာ “အတ္တ၊ မာန၊ ဒေါသ” စတာတွေလည်း ပါကောင်းပါသွားပါလိမ့်မယ်။ တနည်းပြောရရင်တော့ “Desire” တွေပေါ့။ အဲ့ဒါတွေဟာ လူတွေမှာ မွေးကတည်းက ပါလာပြီးသားပါ။ ပါလာပြီးသား ဖြစ်တဲ့အတွက် အပြီးအသတ်ကင်းရှင်းအောင် လုပ်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်တဲ့ ကိစ္စပါ။ ဘာလို့လဲဆိုတော့ “အတ္တ၊ မာန၊ ဒေါသ၊ တဏှာ၊ တပ်မက်ခြင်း အလိုဆန္ဒ” တွေ ပျောက်သွားတာနဲ့ တပြိုင်နက် လူဖြစ်ခြင်းရဲ့ အဓိပ္ပါယ်လည်း အလိုအလျောက်ပျောက်သွားနိုင်ပါတယ်။
ကျွန်မတို့ရဲ့ အစ္စလာမ်သာသနာမှာတော့ အဲ့ဒီ “Desire” တွေကို အပြီးသတ်မဖျောက်ခိုင်းပါဘူး။ ဘယ်လိုဘယ်ပုံ ထားရမယ် စသည်ဖြင့်ပဲ သင်ကြားပေးပါတယ်။ ဟုတ်တယ်လေ။ အများအကျိုးဆောင်ပေးမယ်ဆိုတာကလည်း “အတ္တ” ပါပဲ။ အဲ့လိုအများအကျိုးကို ဆောင်ဖို့အတွက်ကလည်း ကိုယ့်အကျိုးက အလျင်အောင်ဖို့ လိုသေးတယ်လေ။ ကိုယ်က ကျန်းမာနေမှ၊ ချမ်းသာနေမှ လောကကြီးကို အကျိုးပြုနိုင်မှာပေါ့။ အဲ့လို အကျိုးပြုနိုင်အောင်လည်း ကိုယ့်ကိုယ်ကိုယ် ကျန်းမာအောင်၊ ချမ်းသာအောင် ဂရုတစိုက်နေတာတွေဟာ ကိုယ့်ကိုယ်ကျိုးအတွက် ကိုယ့်အတ္တအတွက်မှ မဟုတ်ဘဲ။ တနည်းပြောရရင် “အတ္တ” ကို “ပရဟိတ” နဲ့ မွမ်းမံလိုက်တာပါပဲ။
အစ္စလာမ်သာသနာမှာလည်း လောကီရေးတွေဟာ မတည်မြဲဘူးလို့ ပြဆိုတာပဲလေ။ ဥပမာအားဖြင့် “ လူခပင်းတို့အဖို့ရာ မိန်းမများကို လည်းကောင်း၊ သားရတနာများကို လည်းကောင်း၊ စုဆောင်းသိုမှီးထားသော ရွှေငွေရတနာများကို လည်းကောင်း၊ သင်ကြားလေ့ကျင့် ရွေးချယ်သတ်မှတ်ထားသော၊ မျိုးမှန် မျိုးကောင်း မြင်းများကိုလည်းကောင်း၊ လယ်ယာဥယျာဉ်များကို လည်းကောင်း ချစ်ခင်စုံမက်၊ နှစ်သက်မြတ်နိုး လှပတင့်တယ် ရှုချင်စဖွယ်ရှိအောင် ပြုလုပ်ထားတော်မူပေသည်။ ဤသည်တို့ကား ပစ္စုပ္ပန် လောကီဘ၀၏ အဆောင်အယောင်များသာတည်း။ အမှန်စင်စစ်အားဖြင့် အမြင့်မြတ်ဆုံးသော ပြန်လည်ရာဌာနသည်ကား အလ္လာဟ်အရှင်မြတ်၏ ထံတော်၌သာ ရှိပေသည်။” ကုရ်အာန် ( ၃း၁၄) လို့ ဖော်ပြထားပါတယ်။
သို့သော်ငြားလည်း လောကီစည်းစိမ်များကို စွန့်လွှတ်ဖို့တော့ လုံးဝပြောဆိုထားခြင်း မရှိပါဘူး။ လူသားတွေရဲ့ ဘာဝအလျောက် နှစ်သက်မြတ်နိုးမိကြမှာပဲလေ။ ဒါပေမဲ့တော့ လောကီစည်းစိမ်တွေကို စနစ်တကျအသုံးချဖို့ကိုပဲ တိုက်တွန်းထားပါတယ်။
ဆက်လက်ပြီး ကိုယ်တော်ဂေါတမ္မဗုဒ္ဓက “ဒုက္ခ” ရဲ့ အကြောင်းအရင်းအမှန်ကို သိရပြီးတဲ့နောက် “ဒုက္ခများ ချုပ်ငြိမ်းခြင်း သဘောတရား” ကို သိမြင်ခြင်းဟာ “နိရောဓသစ္စာ” လို့ ခေါ်တွင်ကြောင်း အမိန့်ရှိခဲ့တယ်။ “နိရောဓသစ္စာ” ကို သိမြင်ပြီးနောက် “နိဗ္ဗာန်” ကို သွားနိုင်တဲ့ အမှန်တရားကို သိမြင်လာမယ်။ အဲ့ဒါကို “မဂ္ဂသစ္စာ” လို့ ခေါ်ပါတယ်။
မဂ္ဂသစ္စာတရား ရှစ်ပါးရှိပါတယ်။ အဲ့ဒါတွေက
(၁) ဖြူစင်သန့်ရှင်း ကောင်းမြတ်မှန်ကန်သော ဥာဏ်အမြင် အယူအဆ ရှိခြင်း။ ( သမ္မာဒိဋ္ဌိ)
(၂) ဖြူစင်သန့်ရှင်း ကောင်းမြတ်သော အကြံအစည်ရှိခြင်း။ (သမ္မာသင်္ကပ္ပ)
(၃) ဖြူစင်သန့်ရှင်း ကောင်းမြတ်သော ပြောဆိုမှုရှိခြင်း။ ( သမ္မာဝါစာ)
(၄) ဖြူစင်သန့်ရှင်း ကောင်းမြတ်သော အလုပ်ကို လုပ်ကိုင်ခြင်း။ (သမ္မာကမ္မန္တ)
(၅) ဖြူစင်သန့်ရှင်း ကောင်းမြတ်သော အသက်မွေးမှု ရှိခြင်း။ (သမ္မာအာဇီဝ)
(၆) ဖြူစင်သန့်ရှင်း ကောင်းမြတ်သော အားထုတ်မှုလုံ့လ ရှိခြင်း။ ( သမ္မာဝါယမ)
(၇) ဖြူစင်သန့်ရှင်း ကောင်းမြတ်သော မမေ့လျော့မှု ရှိခြင်း။ ( သမ္မာသတိ)
(၈) ဖြူစင်သန့်ရှင်း ကောင်းမြတ်သော စိတ်တည်ကြည်မှု ရှိခြင်း။ ( သမ္မာသမာဓိ) တို့ပါပဲ။
အဲ့ဒီ အချက် ရှစ်ချက်နဲ့ အညီ ကျင့်ကြံနိုင်သူဟာ “နိဗ္ဗာန်” ကို ရမှာ မလွဲပါဘူးလို့လည်း ဆိုထားပါတယ်။ “နိဗ္ဗာန်ကတော့ ဗုဒ္ဓ၀ါဒရဲ့ ပန်းတိုင်” ပဲ ဖြစ်ပါတယ်။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ သက်တော်(၃၅)နှစ်အရွယ်မှာ သဗ္ဗညုတဥာဏ်ကို ရရှိခဲ့ပြီးနောက် မျက်မှောက်နိဗ္ဗာန်ပြုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် တွက်ကြည့်မယ်ဆိုရင် ကိုယ်တော်ရဲ့ နိဗ္ဗာန်ရှာဖွေခြင်း လုပ်ငန်းစဉ်ဟာ ခြောက်နှစ်တာမျှ ကြာခဲ့ပြီး သက်တော် (၈၀) အရွယ်မှာ ပရိနိဗ္ဗာန်စံခဲ့ပါတယ်။
ကျွန်မတို့ အစ္စလာမ်သာသနာမှာလည်း ကိုယ်နှုတ်နှလုံး အားလုံးကို ထိန်းသိမ်းဖို့အတွက် တာဝန်ရှိကြောင်း ကျမ်းမြတ်ကုရ်အာန်မှာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ မိမိတို့ရဲ့ အကြားအာရုံကို ထိန်းသိမ်းဖို့ကို ကုရ်အာန် (၆၇း၂၃) မှာ ပြောထားပါတယ်။ အဲ့လိုပဲ အမြင်အာရုံ၊ အတွေ့အာရုံ ၊ မိမိရဲ့ နှုတ်လျှာ အားလုံးကို ထိန်းသိမ်းဖို့လည်း နေရာပေါင်းများစွာမှာ တိုက်တွန်းထားပါတယ်။ အဲ့ဒီ အချက်အလက်တွေကို လိုက်နာခဲ့ရင် အလ္လာဟ်အရှင်မြတ်ရဲ့ ချစ်ခင်မြတ်နိုးမှုကို ခံရမဲ့အပြင် ကျွန်မတို့ရဲ့ ပန်းတိုင်တစ်ခု ဖြစ်တဲ့ ဂျန္နသ်သုခဘုံကိုလည်း ရရှိမည်ဖြစ်ကြောင်း မိန့်ဆိုထားပြီး ဖြစ်ပါတယ်။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ အဓိကအားဖြင့်တော့ “အနိစ္စ (မမြဲခြင်း)၊ ဒုက္ခ ( ဆင်းရဲခြင်း) နဲ့ အနတ္တ ( အစိုးမရခြင်း) သဘောတရားသုံးခု” ကို ဆင်ခြင်ပြီးတဲ့နောက် “အရာအားလုံး ချုပ်ငြိမ်းပျောက်ကွယ်သွားမဲ့ လွတ်မြောက်ခြင်း” (နိဗ္ဗာန်) ကို ရှာဖွေခဲ့တယ်။ ထို့နည်းတူပဲ ကျွန်မတို့ အစ္စလာမ်သာသနာကလည်း လောကမှာ ရှိတဲ့ အရာဝတ္တုတွေရဲ့ မတည်မြဲခြင်းကို လက်ခံတယ်။ လက်ခံလို့လည်း မတည်မြဲခြင်းတွေက လွန်မြောက်နေတဲ့၊ ဘယ်လိုအကြောင်းတရားကမှ မလွှမ်းမိုးနိုင်တဲ့၊ သေဆုံးခြင်း၊ စားခြင်း၊ သောက်ခြင်း စတဲ့ ကိစ္စရပ်တွေက ကင်းစင်တဲ့ အလွန်သန့်ရှင်းစင်ကြယ်တဲ့၊ ပုံသဏ္ဍာန်အားဖြင့်ငှာ ပုံဖော်ရန်ပင် မတတ်စွမ်းနိုင်တဲ့၊ သာမာန်ဦးနှောက်နဲ့ စိတ်ကူးကြံစည်လို့ မရနိုင်တဲ့၊ ထာဝရတည်ရှိနေတော်မူတဲ့ အလ္လာဟ်အရှင်မြတ်ဘက်သို့သာ ပြန်ပြီး ဦးလှည့်ကြရကြောင်း လက်ခံပြီး ဖြစ်ပါတယ်။
လူတွေဟာ တစ်နေ့မှာ အိုကြ၊ နာကြ၊ သေကြရမယ်ဆိုတာ လူတိုင်းသိပါတယ်။ ဒါပေမဲ့ ရောက်မလာသေးတဲ့ တစ်နေ့အတွက် ကြိုတင်ပူပန် နှလုံးသွင်းနေရတယ်ဆိုတာ မဖြစ်သင့်တဲ့ ကိစ္စပါ။ အဲ့လိုမျိုးတစ်နေ့ရောက်မလာခင် ကိုယ့်မှာ ရှိနေတဲ့ ခွန်အား၊ နုပျိုမှုတွေကို လောကကြီးရဲ့ ကောင်းကျိုးအတွက် ဘယ်လိုအသုံးချမလဲ ဆိုတာကိုပဲ နှလုံးသွင်းဆင်ခြင်သင့်ပါတယ်။ မပြိုသေးတဲ့ မိုးကောင်ကင်ကို ဘယ်အချိန်ပြိုမလဲဆိုပြီး တွေးပူနေတာဟာ လက်တွေ့လည်း မကျလှပါဘူး။ သဘာဝတရားဆိုတာကို ဘယ်သူမှ မလွန်ဆန်နိုင်ကြတာတော့ အမှန်ပါပဲ။ သဘာဝတရားဆိုတာက ကျွန်မတို့အတွက် သီးသန့်ဖြစ်တည်လာခြင်း ဖြစ်သလို ကျွန်မတို့ဟာလည်း အလ္လာဟ်အရှင်မြတ်က ပြဌာန်းထားပြီးတော်မူတဲ့ သဘာဝဓမ္မအတိုင်းသာ ကျင်လည်ရှင်သန်နေကြရတာပါ။ သဘာဝနဲ့ ကျွန်မတို့၊ ကျွန်မတို့နဲ့ သဘာဝဆိုတာ အပြန်အလှန် ဆက်သွယ်မှုရှိပြီးသားပါ။ မတည်မြဲခြင်းတရားတွေကနေ လူသားတစ်ယောက်ဟာ ရှောင်ပြေးလို့ မရနိုင်ဘူးဆိုတာ သေချာပါတယ်။ အလ္လာဟ်အရှင်မြတ်တစ်ပါးတည်သာလျှင် တည်မြဲခြင်းကို စိုးပိုင်တော်မူတဲ့ အရှင်ပါ။ ဒါကိုလည်း ထည့်တွေးရပါမယ်။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓဟာ ဘယ်သူ့ကိုမှလည်း သူ့အတိုင်း လိုက်ပြီး လုပ်ဖို့ အမိန့်မပေးခဲ့သလို ဘယ်သူ့စကားကိုမှလည်း အယုံမလွယ်ဖို့ကို ထပ်ပြီး သတိပေးထားပါသေးတယ်။ အဲ့ဒါကတော့ “ကေသမုတ္တိသုတ် လို့ခေါ်တဲ့ ကာလာမသုတ်” လို့ လူသိများကြတဲ့ သြ၀ါဒတော်တစ်ပုဒ်ပါ။ ကိုယ်တော်ဂေါတမ္မဗုဒ္ဓက “ အို ကာလာမ အမျိုးသားတို့၊ အယူဝါဒတစ်ရပ်ကို-
(၁) တစ်ဆင့်စကား ကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီဟု မယူဆနှင့်။
(၂) မိရိုးဖလာမှ ဆင်းသက်လာသော အယူဝါဒဖြစ်သည်ဟူ၍လည်း အမှန်ဟု မယူဆနှင့်။
(၃) ဤအရာသည် ဤသို့ ဖြစ်သတဲ့ဟူသော ကောလဟာလဖြင့်လည်း မှန်ပြီဟု မယူဆကြနှင့်။
(၄) မိမိ၏ စာပေကျမ်းဂန်များနှင့် ညီညွတ်ရုံမျှဖြင့်လည်း မှန်ပြီဟု မယူဆကြနှင့်။
(၅) မိမိတို့ တွေးခေါ်ကြံဆချက်များနှင့် ကိုက်ညီရုံမျှဖြင့်လည်း မှန်ပြီဟု မယူဆကြနှင့်။
(၆) နည်းမှီထောက်ဆ၍ ရရုံမျှဖြင့်လည်း မှန်ပြီဟု မယူဆကြနှင့်။
(၇) ဤအရာသည် ကောင်းမွန်မှန်ကန်ပြီဟု မိမိဘာသာ ကြောင်းကျိုးဆင်ခြင် သုံသပ်၍ ရရုံမျှဖြင့်လည်း မှန်ပြီဟု မယူဆကြနှင့်။
(၈) မိမိတို့ ကြံတွေးနှစ်သက် လက်ခံထားသော အယူနှင့် ကိုက်ညီရုံမျှဖြင့်လည်း မှန်ပြီဟု မယူဆလေနှင့်။
(၉) မိမိတို့ ယုံကြည်ထိုက်သောပုဂ္ဂိုလ်၏ စကားဖြစ်၍လည်း မှန်ပြီဟု မယူဆလေနှင့်။
(၁၀) မိမိတို့ လေးစားသော ဆရာသမား၏ စကားဖြစ်၍လည်း မှန်ပြီဟု မယူဆလေနှင့်…. တဲ့။
ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ တကယ်လေးစားစရာကောင်းတဲ့ အတွေးအခေါ်တွေပါ။ ကိုယ်တော့်ရဲ့ ဆိုလိုရင်းက ဘယ်လိုအယူဝါဒကို မဆို လက်တွေ့လိုက်နာကျင့်သုံးကြည့်ပြီးမှ ဆင်ခြင်သုံးသပ်သင့်ကြောင်း ရည်ရွယ်ရင်းပဲဆိုတာ သိပ်ထင်ရှားပါတယ်။ ဒါဟာ ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ စံချိန်စံညွှန်းပါပဲ။ သူ့ဆီကို ဘယ်လို ၀ါဒမျိုးပဲလာလာ သူဟာ ဒီစံချိန်စံညွှန်းတွေနဲ့ သုံးသပ်သွားမယ်ဆိုတာ သိသာပါတယ်။ ထို့နည်းတူပဲ သူ့ရဲ့ဝါဒကို လိုက်နာသူတွေကိုလည်း အခြားဝါဒတွေနဲ့ သူ့ရဲ့ဝါဒပါ အပါအ၀င် အားလုံးကို ဆန်းစစ်ကြဖို့နဲ့ အယုံမလွယ်မိစေဖို့ သတိပေးခဲ့တာပါ။ သူ့ကို ကိုးကွယ်ဖို့ကိုတော့ ယောင်လို့တောင် ပြောခဲ့ဟန်မတူပါဘူး။
ကျွန်မတို့ အစ္စလာမ်သာသနာမှာလည်း ဘယ်လိုဝါဒတွေပဲလာလာ ကြံ့ကြံ့ခံပြီး စံထားရမဲ့ စံညွှန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ အားလုံးသိကြတဲ့ “စူရာဟ်အိခ်လာဆွ်” ပဲဖြစ်ပါတယ်။
(၁) အို (နဗီတမန်တော်) အသင်ပြောကြားပါလေ။ ထိုအရှင်မြတ်သည် တစ်ဆူတည်း ဖြစ်တော်မူ၏။
(ဘုရားအစစ်အမှန်ဟူသည် တစ်ဆူတည်း ရှိရပေမည်။ နောက်ထပ်တစ်ဆူ ထပ်ရှိ၍ မရပေ။)
(၂) ထိုအရှင်မြတ်သည် လိုလားတောင့်တမှု လုံးဝကင်းရှင်းတော်မူသော အရှင်၊ သူတစ်ပါးတို့၏ မှီခိုအားထားရာအရှင်၊ အနှိုင်းမဲ့ ထာဝရအရှင် ဖြစ်တော်မူ၏။
( ဘုရားဟူသည် လိုလားတောင့်တမှု ကင်းရပေမည်။ လူတို့၏ လိုလားမှုကိုသာ ဖြည့်စွမ်းပေးရသည်။ လူတို့က ပြန်၍ ကျွေးမွေးစောင့်ရှောက်ခြင်း မပြုရပေ။ အရာခပ်သိမ်းတို့၏ မှီခိုအားထားရာသာ ဖြစ်ရပေမည်။ အနိစ္စထာဝရ တည်ရှိတော်မူသော အရှင်တစ်ပါး ဖြစ်ရပေမည်။)
(၃) ထိုအရှင်မြတ်သည် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မွေးဖွားတော်မူခဲ့သည် မဟုတ်ပေ။ မည်သူတစ်ဦးတစ်ယောက်၏ မွေးဖွားခြင်းကိုလည်း ခံရတော်မူသည် မဟုတ်ပေ။
( ဘုရားမှန်လျှင် အိမ်ထောင်သားမွေးခြင်းများဖြစ်သာ တဏှာရာဂတို့မှ ကင်းစင်ရပေမည်။)
(၄) ထိုမှတစ်ပါး ထိုအရှင်မြတ်၌ ဂုဏ်ရည်တူသူ တစ်ဦးတစ်ယောက်မျှပင် မရှိချေ။
( ဘုရားဟူသည် ပုံသဏ္ဍာန်အားဖြင့်သော်လည်းကောင်း၊ ဂုဏ်ရည်အားဖြင့်သော်လည်းကောင်း ထပ်တူပြုစရာ၊ နှိုင်းယှဉ်ပြစရာ မရှိရချေ။)
အထက်ဖော်ပြပါ စံချိန်စံညွှန်းများနဲ့ ကိုက်ညီမှသာ အစ္စလာမ်သာသနာအရ ကိုးကွယ်ရာအရှင်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ ထိုသတ်မှတ်ချက်များနဲ့ ပြည့်စုံတော်မူနေတာက “အလ္လာဟ်အရှင်မြတ်” ပဲ ဖြစ်ပါတယ်။
ဒါကြောင့်မို့ ဗုဒ္ဓ၀ါဒီတွေအနေနဲ့လည်း ကိုယ်တော်ဂေါတမ္မဗုဒ္ဓရဲ့ မူရင်းစကားတွေကို တန်ဖိုးထားဖို့၊ လိုက်နာဖို့ တာဝန်ရှိသလို ကျွန်မတို့ မွတ်စ်လင်မ်တွေကလည်း အလ္လာဟ်အရှင်မြတ်ရဲ့အမိန့်တော်တွေကို တသွေမတိမ်း လိုက်နာကြရင်းနဲ့ ကွဲပြားတဲ့ ၀ိရောဓိ တွေကနေတဆင့် ဘုံတူညီတဲ့ ၀ိဝါဒဆီကို ချဉ်းကပ်ကြပါစို့လို့……….။
ရေးသူမှာ ကလေးဖြစ်ပြီး MMSYမှကောက်နုတ်တင်ပြလိုက်ပါသည်။
ကိုးကားကျမ်းများ: ဘာသာကြီးလေးခု အနှစ်သာရများ (ညိုသောင်း)။
ဗုဒ္ဓဘာသာဂုဏ်ရည် ( ဓမ္မာစရိယ ဦးအေးနိုင်(ဘီအေ)။